ရောဂါပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ဖို့အတွက် Mask တပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို လိုက်နာဖို့လို

24-11-2020-yyl-004.jpg

ရန်ကုန် နိုဝင်ဘာ ၂၄


COVID-19 ရောဂါပြန့်ပွားမှုကွင်းဆက်ကို ထိရောက်စွာထိန်းချုပ်နိုင်ဖို့အတွက်ပါးစပ်နဲ့ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို လိုက်နာဆောင်ရွက်ကြဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မေတ္တာရပ်ခံလိုက်ပါတယ်။

ကိုဗစ်ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်မှသာ စီးပွားရေး၊ ပညာရေးနဲ့ လူမှုရေးလုပ်ငန်းတွေကို ပုံမှန် အနေအထားအတိုင်း အမြန်ဆုံးပြန်လည်လုပ်ကိုင်လာနိုင်မှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ အဲဒီစီမံချက်ကို အထူးလိုက်နာကြဖို့ လွန်စွာအရေးကြီးတယ်လို့ သူက ဆိုပါတယ်။

အခုလိုတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဆောင်ရွက်နေတဲ့ လူထုလှုပ်ရှားမှုစီမံချက်ကို ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိပါက လွန်စွာထိန်းချုပ်ရခက်ခဲတဲ့ ရောဂါပြန့်ပွားကူးစက်မှုတွေ ဖြစ်လာနိုင်တယ်လို့လည်း ဒေါက်တာမြင့်ထွေးက သတိပေးလိုက်ပါတယ်။
ကိုဗစ်ရောဂါပိုးဟာ မျိုးဗီဇပြောင်းလဲလာနိုင်ပြီး အသက်ရှုလမ်းကြောင်းကတစ်ဆင့် လျင်မြန်စွာကူးစက် တတ်တာကြောင့် ပြည်သူတွေအနေနဲ့ အခုကျင့်သုံးနေတဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းတွေကို မဖြစ်မနေ လိုက်နာဆောင်ရွက်သွားဖို့လိုအပ်တယ်လို့ သူက ဆိုပါတယ်။

ဒီစီမံချက် အောင်မြင်စေဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ၊ ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူးတွေအနေနဲ့ ကျွမ်းကျင်မှုပိုင်းဆိုင်ရာတွေကို သက်ဆိုင်သူတွေအတွက် ရာနှုန်းပြည့်ပံ့ပိုးပေး ရမယ်လို့ ဒေါက်တာမြင့်ထွေးက မှာကြားလိုက်ပါတယ်။
Mask တပ်ဆင်ရေးလူထုလှုပ်ရှားမှုစီမံချက်ဟာ ပြည်သူတစ်ဦးချင်းစီက ကိုယ်တိုင်အသိရှိစွာနဲ့ စည်းကမ်း လိုက်နာကျင့်သုံးလာစေဖို့ ရည်ရွယ်ဆောင်ရွက်တာဖြစ်တဲ့အတွက် အနည်းဆုံး(၂)လကနေ (၃)လအထိ ဆက်တိုက် ဆောင်ရွက်ဖို့လိုအပ်မယ်လို့လည်း သူက ဆိုပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top