မြန်မာငွေ ၅ ထောင်ကျော်ပဲ ကျသင့်ပြီး ၇၀ ရာခိုင်နှုန်း ကာကွယ်ပေးမယ့် ကိုဗစ်ကာကွယ်ဆေး ထွက်ပေါ်လာ

24-11-2020-yyl-005.jpg

မင်္ဂလာရှိတဲ့ သတင်းကောင်းပါ။ အောက်စဖို့ဒ်တက္ကသိုလ်က ဖော်စပ်ခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးက ရောဂါကူးစက်မှုကို ၇၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ပါပြီ။ စေတနာ့ဝန်ထမ်း ၂၀၀၀၀ ပါဝင်တဲ့ အကြီးအကျယ် စမ်းသပ်ထိုးနှံမှုမှာ ဒီရလဒ် ထွက်ပေါ်လာတာပါ။ ဝမ်းသာစရာကောင်းတာကတော့ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ကာကွယ်ဆေးဟာ Pfizer နဲ့ Moderna ကာကွယ်ဆေးတွေထက် ဈေးသက်သာရုံတင်မကဘဲ သယ်ယူပို့ဆောင်ဖို့လည်း လွယ်ကူပါတယ်။ Pfizer ကာကွယ်ဆေးက (၁၅) ပေါင်၊ Moderna ကာကွယ်ဆေးက (၂၅) ပေါင် ကုန်ကျမှာဖြစ်ပေမဲ့ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ကာကွယ်ဆေးကတော့ (၃) ပေါင် ( မြန်မာငွေ ၅၂၀၀ ကျော်)ပဲ ကျသင့်မှာပါ။ Pfizer ကာကွယ်ဆေးကို အပူချိန်(-၇၀) ဒီဂရီဆဲလ်စီးယက်၊ Moderna ကာကွယ်ဆေးကို အပူချိန် (- ၂၀ ) ဒီဂရီဆဲလ်စီးယက်မှာ သိုလှောင်ထားဖို့ လိုအပ်ပေမဲ့ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ကာကွယ်ဆေးကိုတော့ ရေခဲသေတ္တာထဲမှာ သိုလှောင်ထားနိုင်ပါတယ်။ အဲဒီအတွက် ကမ္ဘာ့ ဘယ်နေရာကိုမဆို ပို့ဆောင်နိုင်စွမ်း ရှိပါတယ်။

အဲဒီကာကွယ်ဆေးကို အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca ဆေးဝါးကုမ္ပဏီတို့ ပူးပေါင်းဖော်စပ်ခဲ့တာပါ။ ကာကွယ်ဆေးဖော်စပ်ဖို့ အောက်စဖို့ဒ်တက္ကသိုလ်က အသုံးပြုတဲ့ နည်းပညာဟာ သုံးနေကျနည်းပညာဖြစ်လို့ ဈေးသက်သက်သာသာနဲ့ ကာကွယ်ဆေး အများအပြား ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။ AstraZeneca ဆေးဝါးကုမ္ပဏီကလည်း အမြတ်မယူဘူးလို့ ကတိပေးထားပါတယ်။

ဗြိတိန်နဲ့ ဘရာဇီးနိုင်ငံမှာ စေတနာ့ဝန်ထမ်း ၂၀၀၀၀ ပါဝင်တဲ့ စမ်းသပ်ထိုးနှံမှုတွေ လုပ်ခဲ့တာပါ။ တစ်ဝက်ကို ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပေးခဲ့ပြီး ကျန်တစ်ဝက်ကိုတော့ အာနိသင်မဲ့ကာကွယ်ဆေး ထိုးပေးခဲ့ပါတယ်။ ကာကွယ်ဆေး ထိုးပေးခဲ့သူတွေထဲမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အယောက် ၃၀ ပဲ ရှိပြီး အာနိသင်မဲ့ဆေး ထိုးနှံခံခဲ့သူတွေထဲမှာတော့ ရောဂါကူးစက်ခံရသူ ၁၀၁ ယောက် ရှိခဲ့ပါတယ်။ လက်ရှိရလဒ်တွေအရ ၇၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်ဆိုပေမဲ့ ပထမအကြိမ် ကာကွယ်ဆေးကို တစ်ဝက်ပဲ ထိုးပေးပြီး ဒုတိယအကြိမ်ကို ကာကွယ်ဆေးအပြည့်ထိုးပေးလိုက်ရင် ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်စွမ်းရှိနေတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ ဒါကတော့ လူ ၃၀၀၀ ကို ထိုးနှံပေးပြီး လေ့လာသုံးသပ်ထားတာပါ။

လက်ရှိရလဒ်တွေအပေါ် သုံးသပ်ပိုင်းခြားမှုအရ ရောဂါလက္ခဏာမပြဘဲ ရောဂါပိုး ကူးစက်ခံရသူပမာဏကိုလည်း လျော့နည်းသွားစေတယ်လို့ တွေ့ရပါတယ်။ ကာကွယ်ဆေး စမ်းသပ်ထိုးနှံခဲ့သူတွေထဲမှာ ကိုဗစ်-၁၉ ရောဂါ ပြင်းပြင်းထန်ထန် ခံစားရသူ ဒါမှမဟုတ် ဆေးရုံတက်ရောက်ကုသမှု ခံယူရသူလည်း မရှိပါဘူး။ ဗြိတိန်အစိုးရကတော့ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ကာကွယ်ဆေး အဖုံ သန်း ၁၀၀ ကြိုတင်မှာယူထားပါတယ်။ လာမယ့်နှစ်မှာ ကာကွယ်ဆေး အဖုံ ၃ ဘီလျံအထိ ထုတ်လုပ်ပေးမယ်လို့ AstraZeneca ဆေးဝါးကုမ္ပဏီက ပြောပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ကာကွယ်ဆေးဟာ ချင်ပန်ဇီတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အအေးမိဗိုင်းရပ်စ်ကို မျိုးဗီဇပြုပြင်ထားတာပါ။ လူသားတွေကို ကူးစက်မှုမဖြစ်နိုင်စေဖို့နဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပရိုတိန်းစူးချွန်တွေ ဖြစ်ပေါ်စေတဲ့ အစီအမံကို သယ်ဆောင်နိုင်အောင် မျိုးဗီဇပြောင်းလဲထားတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲကို ရောက်သွားတာနဲ့ အဲဒီအစီအမံကနေ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပရိုတိန်းစူးချွန်တွေ ဖန်တီးလိုက်တဲ့အခါ ကိုယ်ခံအားစနစ်က ခြိမ်းခြောက်မှု အန္တရာယ်လို့ မှတ်ယူပြီး ချေမှုန်းပစ်တဲ့ ပုံစံပါ။

အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ကာကွယ်ဆေးကို စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့တွေက စစ်ဆေးသုံးသပ်ပြီးလို့ ခွင့်ပြုချက်ရရင် ဗြိတိန်နိုင်ငံမှာ ဆေးအဖုံ ၄ သန်း ထိုးနှံပေးဖို့ အသင့်ဖြစ်နေပါပြီ။ အောက်စဖို့ဒ်တက္ကသိုလ်က ဖော်စပ်တဲ့ ကာကွယ်ဆေးရဲ့ ရလဒ်ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါကို အဆုံးသတ်ဖို့ နီးစပ်လာပြီဆိုတဲ့ မျှော်လင့်ချက်တွေလည်း ပိုအားကောင်းလာခဲ့ပါပြီ။

Ref: BBC ” Covid-19: Oxford University vaccine is highly effective”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top