တချို့လူတွေရဲ့လက်အရေးပြားနဲ့ ခြေထောက်အရေပြားတွေမှာ ခပ်ကြမ်းကြမ်းအဖုလေးတွေကို တွေ့ရပါလိမ့်မယ်။ ဒါက ကြာဆူး (Keratosis pilaris) လို့ ခေါ်တဲ့ အဖြစ်များတဲ့ အရေပြားပြဿနာဖြစ်ပြီး ကြက်အရေပြားလို့လည်း မကြာခဏခေါ်ဝေါ်ကြပါတယ်။ ကြက်ဆူးဆိုတာ အသားခြောက်ပြီး ခပ်ကြမ်းကြမ်းအဖုလေးတွေဖြစ်လာတဲ့၊ မွေးညင်းပေါက်မှာ ကြက်သီးထသလို ခပ်မာမာအဖုချွန်ချွန်လေးတွေဖြစ်လာတဲ့ အရေပြားပြဿနာပါ။ အန္တရာယ်မဖြစ်ပေမဲ့ ယားယံတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ အထူးတလည်တော့ ကုသပေးစရာမလိုပါဘူး။ အရေပြားမခြောက်သွေ့အောင် ထားမယ်ဆိုရင်လည်း သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ ဘာမှမလုပ်ဘဲ သူ့ဘာသာလည်း ပျောက်ကင်းသွားနိုင်ပါတယ်။ ကြက်ဆူးဖြစ်ရခြင်းရဲ့အကြောင်းအရင်းနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို စာဖတ်ပရိသတ်တွေ သိချင်ကြမယ်ထင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ရပါတယ်။
Fatty Acid ချို့တဲ့ခြင်း
ကိုယ်အလေးချိန်ကျဖို့ ကြိုးစားနေတဲ့သူတွေက အရင်ဆုံး ဖြတ်တောက်ပစ်ဖို့လိုတဲ့အရာက အဆီပါပဲ။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အဆီအနှစ်တွေကို ဖယ်ရှားပစ်လိုက်မယ်ဆိုရင် အရေပြားပြဿနာတွေကိုပိုဆိုးရွားလာစေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်က အိုမီဂါ ၃ နဲ့ အိုမီဂါ ၆ fatty acid တွေကို လုံလုံလောက်လောက်မရတဲ့အခါ အရေပြားယားယံတာတွေဖြစ်လာပြီး ကြက်ဆူးလို့ခေါ်တဲ့ အရေပြားပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။ အဲဒီအရေပြားပြဿနာမျိုး မဖြစ်ချင်ရင် fatty acid ကြွယ်ဝတဲ့ အစားအစာတွေကိုပိုပြီး စားသုံးပေးပါ။
ကြမ်းတမ်းတဲ့ Body Scrub ကို အသုံးပြုတာ
ခန္ဓာကိုယ်ကို ချေးချွတ်ပေးတာက ကြမ်းတမ်းတဲ့အသားရေကို နူးညံ့စေနိုင်ပေမဲ့ ကြမ်းတမ်းတဲ့ body scrub တွေက ရှိနေပြီးသားအခြေအနေကို ပိုဆိုးရွားစေနိုင်ပါတယ်။ Scrub မှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့အမှုန့်တွေက အရေပြားကို ယားယံစေပြီး ကြက်ဆူးတွေထွက်လာနိုင်ပါတယ်။ ကြမ်းတမ်းတဲ့ Scrub တွေကို အသုံးပြုမယ့်အစား သင့်အသားရေကို ရေမြှုပ်ကျောက်ကို အသုံးပြုပြီး ညင်ညင်သာသာလေး နှိပ်နှယ်ပေးကြည့်ပါ။
ရေပူနဲ့ရေချိုးတာ
ရေပူနဲ့ရေချိုးတာက သင့်အရေပြားကို ခပ်မာမာအဖုလေးတွေဖြစ်မလာနိုင်ပေမဲ့ ရေပူနဲ့ အကြာကြီးထိတွေ့မိတဲ့အခါမှာ အရေပြားအခြေအနေကို ပိုပြီး ဆိုးရွားစေနိုင်ပါတယ်။ ရေပူနဲ့ အချိန်အကြာကြီးရေချိုးတာက အရေပြားရဲ့သဘာဝအဆီအနှစ်တွေကို ဖယ်ရှားပစ်ပြီး အသားခြောက်တာတွေဖြစ်လာကာ ကြက်ဆူးတွေထွက်လာနိုင်ပါတယ်။ တက်နိုင်သမျှ ရေပူနဲ့ ရေချိုးတာကို ရှောင်ပါ။ တကယ်လို့ ရေအေးလို့ မချိုးနိုင်ဘူးဆိုရင် ရေကို ခပ်နွေးနွေးလေးနဲ့ပဲ ချိုးပေးသင့်ပါတယ်။
နို့ထွက်အစားအစာတွေကို အစားများတာ
ကျွန်တော်တို့ရဲ့တစ်နေ့တာမှာ နို့ထွက်ပစ္စည်းကတော့ မပါမဖြစ်ပါပဲ။ ကော်ဖီထဲ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နွားနို့ (သို့) ခရင်မ်၊ နို့ဆီထည့်ပြီး သောက်ကြတာပါ။ နို့ထွက်ပစ္စည်းတွေက တစ်ခါတလေမှာ အရေပြားနဲ့ မတည့်တာတွေဖြစ်လာနိုင်ပြီး ကြက်ဆူးလို့ခေါ်တဲ့ အရေပြားပြဿနာဖြစ်လာစေနိုင်ပါတယ်။ လူတော်တော်များများက နို့ထွက်ပစ္စည်းမှာ ပါတဲ့ ပရိုတင်းဓာတ်နဲ့ မတည့်ပြီး အရေပြားယားယံတာ၊ ဝက်ခြံပေါက်တာ၊ ကြက်ဆူးထွက်တာတွေဖြစ်လာရပါတယ်။ ကြက်ဆူးလို့ခေါ်တဲ့ အရေပြားပြဿနာကို ဖြေရှင်းဖို့အတွက် နို့ထွက်ပစ္စည်းတွေကို လုံးဝ ဖြတ်တောက်ပစ်စရာမလိုပါဘူး။ ကြက်ဆူးပျောက်သွားတဲ့အထိ မစားဘဲ နေကြည့်ရမှာဖြစ်ပါတယ်။
အမွှေးအနံ့ပါတဲ့ဆပ်ပြာကို အသုံးပြုတာ
ကြက်ဆူးတွေက ချွေးပေါက်မှာ ကီရာတင် (Keratin) တွေဖြစ်တည်လာမှုကြောင့် ဖြစ်လာတဲ့အတွက် အသားရေထိန်းသိမ်းတဲ့ထုတ်ကုန်တွေက အရေပြားကို ပိုဆိုးရွားစေနိုင်ပါတယ်။ သင် ကြိုက်နှစ်သက်တဲ့ ဆပ်ပြာက အမွှေးအနံ့တွေပါတယ်ဆိုရင် သင့်အရေပြားကို ယားယံစေတဲ့၊ ချွေးပေါက်ပိတ်စေတဲ့ ဓာတုပစ္စည်းတွေပါဝင်နိုင်ပါတယ်။ ဒါကြောင့် အရေးပြားအခြေအနေမဆိုးရွားစေဖို့အတွက် သင့်အရေပြာကို မယားယံစေတဲ့ နူးညံ့တဲ့ အသားရေထိန်းသိမ်းတဲ့ထုတ်ကုန်တွေကို ရွေးချယ်အသုံးပြုပေးသင့်ပါတယ်။
ကျပ်လွန်းတဲ့အဝတ်အစားဝတ်ဆင်တာ
ကျပ်လွန်းတဲ့အဝတ်အစားတွေကို ဝတ်ဆင်တာက သင့်ကျန်းမာရေးအတွက် မကောင်းပါဘူး။ သင့်မှာ ကြက်ဆူးလို့ခေါ်တဲ့အရေပြားပြဿနာဖြစ်နေရင် ကျပ်လွန်းတဲ့အဝတ်အစားတွေက ပိုဆိုးရွားစေနိုင်ပါတယ်။ ဒါကြောင့် ချောင်ချောင်ချိချိအဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။
Ref: What Causes Chicken Skin, and 6 Ways to Get Rid of It
WL (ရိုးရာလေး)