တစ်ခုသော ညနေစောင်းကဖြစ်သည်၊ တစ်ယောက်တည်း စိတ်ပြေလက်ပြောက် ဧရာဝတီမြစ်ကမ်းဘက်သို့ ထွက်လာဖြစ်ခဲ့သည်။
ညနေဆည်းဆာနှင့် ဧရာဝတီ၏ အလှတို့က ပန်းချီဆရာတို့ လက်မှိုင်ချရလောက်မည်ထင်သည်။ မြစ်ပြင်တစ်လျှောက် ငါးဖမ်းလှေများ၏ အိမ်အပြန်ခရီးကို လှမ်းတွေ့နေရသည်။ တစ်ယောက်တည်းထိုင်ရင်း ဧရာဝတီ၏အလှကို ကြည့်ရင်း ကွယ်လွန်သွားပြီဖြစ်သည့် ဆရာထူးအိမ်သင်၏ ‘ရာဇဝင်များ၏ သတို့သမီး ဧရာဝတီ’ ဆိုသည့် စာသားကို သတိရမိတော့သည်။
ဧရာဝတီ… ရာဇဝင်များရဲ့ သတို့သမီးပါလား။ ခေတ်အဆက်ဆက် မြန်မာနိုင်ငံနှင့် လူမျိုးကို အကျိုးပြုခဲ့တာပါလား၊ သမိုင်းတွေကို ထုဆစ်ခဲ့ပါလား၊ ဧရာဝတီ … သူ့အသွေး သူ့အသားတွေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံကို အကျိုးပြုခဲ့ပါလား၊ ဧရာဝတီရယ် သတို့သမီး မဟုတ်တော့ပါလား ခုတော့ မိခင်တစ်ယောက် ဖြစ်နေပြီပေါ့…
သရေခေတ္တရာ ပျူမြို့တော်ကြီးသည် ဧရာဝတီကို အမှီပြုလို့ စည်ပင်ခဲ့ဖူးသည်။ ပထမမြန်မာနိုင်ငံတော် ပုဂံသည်လည်း ဧရာဝတီမြစ်ကို အမှီပြု တည်ထောင်ခဲ့ပြန်သည်။ သမိုင်းကြောင်းတစ်လျောက် ဧရာဝတီ၏ အခန်းကဏ္ဍသည် အလွန်အရေးပါခဲ့သည်။ ရေချိုကိုပေးသည်၊စားသောက်ဖွယ်ကိုပေးသည်၊ လိုရာခရီးအတွက် ရေလမ်းမကြီးလည်းဖြစ်သည်၊ ရာသီဥတုကိုလည်း မျှတစေသည်။ ကျေးဇူးကြီးပါလား ဧရာဝတီရယ်လို့ ကျွန်တော်တွေးနေမိသည်။ ကျေးဇူးတွေက များလှသည် ရေးလိုကုန်နိုင်မည် မဟုတ်ပေ။
သမိုင်းတွေကို ပြောပြနေမည့် ဧရာဝတီရယ် အခုတော့ အသွေးအသားတွေ ကုန်ခမ်းစပြုနေပြီလား။ ကျွန်တော်တို့ ဒီကနေ့ အသက်ရှင်နေရသည်မှ ကျွန်တော်တို့ ဘိုးဘွားတို့ အသက်ရှင်ခဲ့သောကြောင့် ဖြစ်သည်။ ဘိုးဘွားတို့ အသက်ရှင်ရန် ဧရာဝတီက ကူညီခဲ့သည်မဟုတ်ပါလား၊ ထို့ကြောင့် ကျွန်တော်တို့ရဲ့ အသက်သခင် ဧရာဝတီ၊ အခုတော့ သူ့အသက်ကို သူဆက်နိုင်ပါ့မလားလို့ အတွေးဝင်မိသည်။
ဘာဖြစ်ဖြစ် ဧရာဝတီကတော့ နောက်ဆုံးအချိန်အထိ ဆက်လက် စီးဆင်နေမည်ဖြစ်ကြောင်း ကျွန်တော်သိနေသည်။ သူက မြန်မာတို့ရဲ့ မိခင်ကောင်း တစ်ယောက်အဖြစ် ထာဝရ တာဝန်ကြေနေမှာကို တွေးရင်းကြည်နူးမိသည်။ ကျွန်တော်တို့ ဧရာဝတီ၏ နှလုံးသားကို ကိုယ်ကြိုးအတွက် မထုဆစ်ကြဖို့လိုသည်။ အသက်ကြီးလာပြီ ဖြစ်သည့် မိခင်အို ဧရာဝတီကို ကျွန်တော်တို့အားလုံး စောင့်ရှောက်ကြမည်ဆိုပါလျှင်…
Team (ရိုးရာလေး)