မြတ်သောဆရာ မြည်ထိုက်စွာ

teacher.jpg

အသက်အန္တရာယ် ရှိတဲ့ ကျောက်ကပ်ရောဂါ ခံစားနေရပေမယ့် စာသင်မပျက်ခဲ့တဲ့ တရုတ်နိုင်ငံက ကျောင်းဆရာတစ်ဦးဟာ မတ်တပ်မရပ်နိုင်ချိန်မှာတောင် ထိုင်ခုံပေါ် ဒူးထောက်ပြီး စာသင်ခဲ့တဲ့အတွက် မြတ်ဆရာ ပီသသူလို့ ဂုဏ်ပြု ချီးကျူးခံနေရပါတယ်။

တရုတ်နိုင်ငံ ဝူဟန်တက္ကသိုလ်က အသက် ၄၁ နှစ်အရွယ်ရှိ ကျောင်း ဆရာ ယုဂွန်မော်ဟာ ကျောက်ကပ် အလုပ်လုပ်တဲ့ စနစ်ချို့ယွင်းချက်ကြောင့် ကျောက်ကပ်နှစ်ဘက်လုံး ကြီးလာတဲ့ ADPKD ရောဂါ ခံစားခဲ့ရပါတယ်။ ကျောက်ကပ်ရောဂါရဲ့ ဆင့်ကဲဆိုးကျိုးကြောင့် ၂၀၁၂ ခုနှစ်မှာ ဦးနှောက်သွေးကြော နံရံယောင်ယမ်း တဲ့ ရောဂါထပ်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ယုဂွန်မော်ဟာ ဦးနှောက်နဲ့ မျက်လုံး ခွဲစိတ်ကုသမှုတွေလုပ်ခဲ့လို့ ကျန်းမာရေး နည်းနည်း ပြန်ကောင်းလာခဲ့ပါတယ်။

ဒါပေမဲ့၂၀၁၄ ခုနှစ်မှာ ADPKD ရောဂါပြန်ဖောက်လာခဲ့ပြီး ကျန်းမာရေး အခြေအနေ တဖြည်းဖြည်း ဆိုးရွားလာခဲ့ပါတယ်။ သူဟာ အသက်ဆက်ရှင်နိုင်ဖို့အတွက် တစ်နှစ်ခွဲကြာ ကာလအတွင်း တစ်ပတ်ကို သုံးကြိမ် စက်နဲ့ ကျောက်ကပ်သန့်ရှင်းခဲ့ရပါတယ်။ ရောဂါခံစားနေရတဲ့ ကာလအတွင်း ခန္ဓာကိုယ်အလေးချိန် ၅၅ကီလိုဂရမ် လျော့ကျခဲ့တဲ့ ယုဂွန်မော်ကို ကျောင်းအာဏာပိုင်တွေက အိမ်မှာ နားနေဖို့ ဖျောင်းဖြခဲ့ပေမယ့် ယုဂွန်မော်က ပုံမှန်အတိုင်း စာဆက်သင်ခဲ့ပါတယ်။

ယုဂွန်မော်က ”စာသင်ရတာကို နှစ်သက်တယ်။ ကျွန်တော့်ကျောင်းသားတွေကိုလည်း သဘောကျတယ်။ သူတို့က ကျွန်တော့် စာသင်ချိန်တွေမှာ ပျော်ကြတယ်။ ပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့်ကို အားပေးကြတဲ့အတွက် ဒီရောဂါကို ကျွန်တော် တစ်ယောက်တည်း တိုက်ပွဲဝင်နေရတယ်လို့ မခံစားရတော့ဘူး စာသင်ခန်းက ကျွန် တော့်ကို မျှော်လင့်ချက်ရှိစေတဲ့ခံစားမှုပေးတယ်။ ပုံမှန်နေရာတစ်ခုလို့လည်း ခံစားရစေတယ်” လို့ ပြောပါတယ်။

အသက် အန္တရာယ်ရှိတဲ့ ရောဂါခံစားနေရပေမယ့် စာသင်ချိန်တစ်ချိန်မှ မပျက်ခဲ့တဲ့ ယုဂွန်မော်ကို ကျောင်းသားတွေက သူရဲကောင်းအဖြစ် သတ်မှတ်ထားကြပြီး ကမ္ဘာတစ်လွှားကို ရောက်နေတဲ့ ကျောင်းသားဟောင်းတွေ အပါအဝင် ကျောင်းသား တော်တော်များများက သူတို့ဆရာ ယုဂွန်မော်ကို ပို့စ်ကတ်တွေ၊ သတိရတယ်လို့ ရေးသားထားတဲ့ စာတွေ ပေးပို့ခဲ့ကြပါတယ်။ ယုဂွန်မော်ရဲ့ ဆေးကုသစရိတ် အများစုက ကျောင်းက ကုန်ကျခံပေးတာဖြစ်ပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ချိန်မှာ ကျောင်းသားတွေကလည်း သူတို့ဆရာကို အလှူငွေတွေ ပေးခဲ့ကြတယ်လို့ သိရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top