အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေနဲ့ ကုသနည်း

20-4-2022-yyl-22.jpg

အမျိုးသမီးတွေဟာ ဟော်မုန်းမညီမျှတာ၊ ကိုယ်ဝန်ဆောင်တာ၊ ရာသီစက်ဝန်းစတာတွေကြောင့် အရေပြားပြဿနာတော်တော်များများကို ကြုံတွေ့ရတတ်ပါတယ်။ သူတို့ ကြုံတွေ့ရတဲ့ အချို့သော အရေပြားပြဿနာတွေကအရမ်းအဖြစ်များတဲ့အတွက် ချက်ခြင်း ဂရုစိုက်ပေးဖို့နဲ့ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ အောက်မှာ ဖော်ပြပေးထားတဲ့ အချက်တွေက အမျိုးသမီးတွေ ကြုံတွေ့ရတဲ အဖြစ်များဆုံးအရေပြားပြဿနာတချို့ဖြစ်ပါတယ်။

ဝက်ခြံ

ကိုယ်ဝန်ဆောင်တာနဲ့ ဟော်မုန်းမညီမျှတာက ခန္ဓာကိုယ်မှာ အပြောင်းအလဲများစွာ ဖြစ်စေပြီး အမျိုးသမီးတွေမှာ ဝက်ခြံပြဿနာကို ကြုံတွေ့ရလေ့ရှိပါတယ်။ ဝက်ခြံက ဟော်မုန်းအပြောင်းအလဲကြောင့် အရေပြားက အဆီဂလင်းတွေနဲ့ မွေးညင်းပေါက်တွေ ပိတ်ဆို့တာကြောင့်ဖြစ်ရတာပါ။ ဝက်ခြံဆိုတဲ့ အသုံးအနှုန်းမှာ ဆားဝက်ခြံ၊ အရည်ကြည်ဖု၊ အဆီဖုတွေ ပါဝင်ပါတယ်။

ဝက်ခြံတွေကို မကုသဘဲထားရင် အမာရွက်၊ အမဲစက်၊ အမှတ်ရာတွေ ဖြစ်လာစေနိုင်တဲ့အတွက် ဝက်ခြံကို ကုသပေးဖို့ လိုအပ်ပါတယ်။ အလယ်အလတ် (သို့) ပြင်းထန်တဲ့ ဝက်ခြံတွေဆိုရင် အရေပြားအထူးကုဆရာဝန်တွေက ခရင်မ်၊ ဂျယ်လ်၊ လိမ်းဆေးပုံစံ adapalene ခရင်မ်၊ tretinoin လိမ်းဆေးတွေလို ကုသနည်းတွေကို အသုံးပြုကြပါတယ်။

နေလောင်တာ

နေလောင်တာက အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ နောက်ထပ်အရေပြားပြဿနာတစ်ခုပါ။ အမျိုးသမီးတွေရဲ့အသားရေက ထိခိုက်လွယ်တာကြောင့် နေရဲ့ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အလွယ်တကူ ခံရတတ်ပါတယ်။ ဒါကြောင့် သင့်အရေပြားကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့အတွက် အမျိုးသမီးတွေကို နေရောင်ခြည်ထိတွေ့နိုင်တဲ့နေရာတွေကို Sunsreen လိမ်းပေးဖို့ အကြံပြုချင်ပါတယ်။ နေလောင်တာကို ကုသဖို့အတွက် ဆပ်ပြာအပျော့စားနဲ့ ရေအေးအေးလေးချိုးပေးတာ၊ အရည်များများသောက်ပြီး အသားရေကို ရေဓာတ်ဖြည့်ပေးတာ၊ အဆီမပါတဲ့ အစိုဓာတ်ပေးတဲ့ moisturiser ကို လိမ်းပေးတာတွေ လုပ်လို့ရပါတယ်။

Rosacea (ရိုစီယာ)

Rosacea က အဖြစ်များတဲ့ အရေပြားရောဂါဖြစ်ပြီး မျက်နှာနီမြန်းတာနဲ့ တစ်ခါတရံ အနီရောင် အနာတွေ အနီဖုတွေ၊ ပြည်ဖုတွေ ဖြစ်စေတာပါ။ ဒီအရေပြားပြဿနာက အသက် ၃၀ ကျော်အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်။ ကိုယ်ခံအားစနစ်ပြဿနာ၊ သွေးကြောပြဿနာ၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကြောင့် ဖြစ်ရပါတယ်။ metronidazole ခရင်မ် (သို့) oral doxycycline လို ပဋိဇီဝဆေးတွေနဲ့ ကုသကြပါတယ်။ အရေပြားပြဿနာဖြစ်တဲ့အတွက် အရေပြားဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံးပါပဲ။

Athlete’s Foot (မှိုကူးစက်ရောဂါ)

ခြေထောက်တွေက ချွေး၊ ဖုန်မှုန့်တွေနဲ့ အဆက်မပြတ်ထိတွေ့ရတာကြောင့် မှိုကူးစက်ရောဂါပိုးဝင်နိုင်ခြေများပါတယ်။ မှိုကူးစက်ရောဂါရဲ့လက္ခဏာရပ်တွေက ခြေဖဝါးပေါ်၊ ခြေချောင်းတွေကြား နီမြန်းတာ၊ ယားယံတာ၊ အရေပြားအက်ကွဲတာတွေဖြစ်ပါတယ်။

မှိုကူးစက်ရောဂါကို ကုသဖို့အတွက် လိမ်းဆေးနဲ့ ဖြန်းဆေးတွေရှိပါတယ်။ ဆေးဆိုင်က ဝယ်လိမ်းလို့ မသက်သာဘူးဆိုရင် အရေပြားဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။

Ref: Skin related problems in women and how to treat them?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top