တစ်ခါတုန်းက အလွန်သန်မာသော သစ်ခုတ်သမား တစ်ယောက်ရှိတယ်။ တစ်နေ့တော့ သူဟာ သစ်ကုန်သည် တစ်ဦးထံမှာ အလုပ်လုပ် ဖြစ်ခဲ့တယ်။ သူခုတ်ရမယ့် နေရာများကို မေးမြန်းပြီး သစ်ခုတ်ဖို့ အတွက် သူဌေးထံမှ ပုဆိန်တစ်လက်ကို တောင်းခံခဲ့ပါတယ်။ သစ်ခုတ်သမားအတွက် သူဌေးပေးတဲ့ လစာဟာလည်း အလွန်ကောင်းမွန်ပြီး သစ်ခုတ်သမားလည်း သစ်တွေကို များများ ခုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီလိုနဲ့ ပထဆုံး နေ့မှာ သစ်ခုတ်သမားဟာ သစ်ပင် ၁၈ ပင်ကို ခုတ်နိုင်ခဲ့ပါတယ်။ သစ်ခုတ်သမားကို သူဌေးဖြစ်သူက သစ်ပင်တွေ အများကြီး ခုတ်နိုင်တဲ့အတွက် ဝမ်းသာကြောင်း ချီးကျူးစကား ဆိုတယ်။ သူဌေးရဲ့ ချီးကျူးစကားကြောင့် သန်မာသော သစ်ခုတ်သမားဟာ အလွန်ဝမ်းသာပြီး ခွန်အားလည်း ပြည့်သွားတယ်။ ဒီလိုနဲ့ ဒုတိယနေ့ ရောက်တော့ သစ်ပင် ၁၅ ပင်သာ ခုတ်နိုင်ခဲ့တယ်။နောက်ရက်ရောက်တော့ သန်မာသော သစ်ခုတ်သမားဟာ ၁၀ ပင်သာ ခုတ်ထစ်နိုင်ခဲ့ပါတယ်။ တစ်နေ့ထက် တစ်နေ့ သစ်ပင် အရေအတွက်ဟာ နည်းသထက် နည်းပြီးလာပါတယ်။
ဒီအတွက်ကြောင့် သစ်ခုတ်သမားဟာ အလွန်သန်မာတဲ့ ငါဟာ ဘာဖြစ်လို့ သစ်ပင်တွေ မခုတ်နိုင်တော့တာလဲ စဉ်စားရင်း အလုပ်ကနေထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်နေ့ရောက်တော့ သူဌေးဖြစ်သူကို သူ့အနေနဲ့ သစ်ပင်တွေကို မခုတ်ထစ်နိုင်တော့လို့ တောင်းပန်ကြောင်း အလုပ်ထွက်ဖို့ ခွင့်တောင်း ပါလေတယ်။ သူဌေးလုပ်သူက သစ်ခုတ်သမားကို
“မင်း ပုဆိန်ကို ဘယ်နှကြိမ် သွေးပြီးပြီလဲ။”
သစ်ခုတ်သမားလည်း အံ့အားသင့်စွာဖြင့် – “ကျွန်တော် အလုပ်ရှုပ်နေလို့ တစ်ခါမှ မသွေးရသေးပါဘူးလို့ ပြန်ဖြေလိုက်ပါတယ်။”
သင်ခန်းစာ –
လောကမှာ ရှိတဲ့ လူတွေဟာ အလုပ်တွေအများကြီး လုပ်ကြတယ်။ ဒါပေမယ့် အလုပ်တွေပဲ လုပ်နေကြပြီး ပုဆိန်သွေးခြင်း ကဲ့သို့သော် လေ့လာမှုတွေကို မလုပ်ကြတော့ သစ်ခုတ်သမားလိုပဲ သစ်ပင်တွေ တဖြည်းဖြည်း မခုတ်နိုင်သလို ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် သစ်ခုတ်သမားကို ဥပမာ ယူပါ။
Team (ရိုးရာလေး)