‘‘ဗမာစစ်စစ်ကို တွေ့ချင်ရင် အညာကျေးလက်တောရွာတွေကို သွားကြည့်’’ဆိုတဲ့ စကားရှိပါတယ်။ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်လို့ ဆိုလိုက်ရင်
လူတိုင်းမဟုတ်တောင် တော်တော်များများကတော့ သိကြပါလိမ့်မယ်။ ဒါပေမဲ့ ဖက်စိမ်းကွမ်းတောင်လို့ ဆိုလိုက်ရင် ခုခေတ်လူငယ်တွေ သိပ်ပြီး သိတော့မယ် မထင်ပါဘူး။ အဲဒီလို မသိတော့မယ့်ဟာတွေ၊ တိမ်မြုပ်တော့မယ့်ဟာတွေ၊ အညာကျေးလက်ရိုးရာဓလေ့တွေကို အစဉ်တစိုက်ဖော်ထုတ်ရေးသားနေတဲ့ စာရေးဆရာမ တစ်ဦးရှိပါတယ်။
‘‘ဒီစာအုပ်ကလေးထဲက ဝတ္ထုတို တော်တော်များများဟာ မိဘနှစ်ပါးနှင့်အတူ ကျွန်မဖြတ်သန်း ကြုံတွေ့ ခဲ့ရတဲ့ ရွာရိပ်ဝန်းကျင်နေ ဘဝဇာတ်ကောင်တွေအကြောင်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်များရဲ့ဘဝကို စာနာ တတ်အောင်၊ သိမြင်တတ်အောင်၊ ခံစားတတ်အောင်၊ နှလုံးသွင်းတတ်အောင် သင်ကြားဆုံးမပေးခဲ့ကြတာလည်း အဖေနှင့် အမေပဲ ဖြစ်ပါတယ်။ ရိုးသားဖြူစင်တဲ့ ကျေးတောနေတို့ရဲ့ နှလုံးသားအမွေကို ကျွန်မကို ပေးလိုက်ခြင်း ပေပဲလို့ ကျွန်မ ခံယူမိပါတယ်။ ဒီအခြေခံနဲ့ ကျေးလက်ဝတ္ထုတွေကို ကျွန်မ အစဉ်တစိုက် ရေးဖွဲ့ခဲ့ခြင်း ဖြစ်ပါတယ်’’ လို့ ဆရာမက ဝန်ခံထားပါတယ်။
ဖက်စိမ်းကွမ်းတောင်ဆိုတာက အညာကျေးလက်ဒေသတွေရဲ့ အလှူရှင်လောင်းလှည့်ရာမှာ အထွတ်အမြတ် တန်ဖိုးထားကြတဲ့ မြန်မာမှုပစ္စည်းတစ်ခုပါ။ ဖက်စိမ်းကွမ်းတောင်ကို တော်ရုံတန်ရုံ မိန်းမပျိုလေး တစ်ယောက်က ကိုင်ခွင့်ရဖို့ဆိုတာကတော့ ထင်သလောက် မလွယ်ပါဘူး။ ဘယ်လို မလွယ်တာလဲဆိုတာကတော့ ဖတ်ကြည့်ရင် သိပါလိမ့်မယ်။ သေချာတာတစ်ခုကတော့ ဖက်စိမ်းကွမ်းတောင်ကို ကိုင်ခွင့်ရတဲ့ မိန်းကလေးဟာ ရွာကနေ တညီတညွတ်တည်း လက်ခံတဲ့ ကွမ်းတောင်ကိုင် အစစ်၊ တကယ့်အလှပဂေး ဆိုတာပါပဲ။
‘‘ကျား’’ဆိုတဲ့ ဝတ္ထုတိုလေးရဲ့ ခေါင်းစဉ်ကို ဖတ်လိုက်ရင် ကျောက်စရာကောင်းတဲ့ ကျားတိရစ္ဆာန်ကို ပြေးမြင်ကြပါလိမ့်မယ်။ မထင်လ်ိုက်ပါနဲ့၊ မဟုတ်ပါဘူး၊ ချစ်စရာကောင်းတဲ့ ကျားပါ။ အညာကျေးလက်တောရွာ ဘုန်းကြီးပျံပွဲတွေမှာ သရုပ်ဖော်ကပြရတဲ့ ‘‘မရွှေဥ ကျားချီခန်း’’ထဲက ကျားဇာတ်ရုပ်ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဝတ္ထုရဲ့အစမှာ ‘‘အခုတော့လည်း ဒါတွေ မလုပ်ကြတာ ကြာပါပြီ။ ကြာဆို နှစ် ၂၀ နီးပါးလောက် ရှိရော့မယ်။ မလုပ်ကြတော့တာထက် လုပ်မယ့်သူ မရှိတော့တာပါလေ’’ဟု ညည်းထားပါတယ်။
ဟုတ်ပါတယ်။ ကျေးလက်တောရွာတွေရဲ့ ချစ်စရာရိုးရာဓလေ့လေးတွေဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ် နေပါပြီ။ ဆရာမသာ အခုလို ရေးမပြရင် သိကြတော့မှာ မဟုတ်ပါဘူး။ ဒီဝတ္ထုလေးဟာ ကျေးလက်တောရွာဓလေ့ သက်သက်ကို ဗဟုသုတရဖွယ်အနေနဲ့ ဖတ်ရမှာပါ။ အင်မတန် တန်ဖိုးရှိပါတယ်။
လူတိုင်းဟာ သံသရာခရီးကို ဆက်နေကြရပါတယ်။ အဲဒီလို ခရီးဆက်တဲ့နေရာမှာ တစ်ယောက်တည်း ခရီးဆက်တဲ့လူဆိုတာ ရှားပါတယ်။ အကုန်လုံးနီးပါးကတော့ ‘‘ခရီးဖော်’’ကို ရှာပြီး နှစ်ယောက်အတူ ခရီးဆက် ကြပါတယ်။ ဒါဆို ဝတ္ထုထဲက ဇာတ်ကောင်ဖြစ်တဲ့ ကိုဘကျောက်ရဲ့ ခရီးဖော်က ဘယ်သူဖြစ်မလဲ။ ကိုဘကျောက်ရဲ့ ခရီးဖော်က သူ့အသက် ၆၀ ကျော်ထိ စိတ်ဆင်းရဲအောင် မလုပ်ခဲ့ရှာတဲ့ မယားကောင်း မအိမ်မြိုင်ပါ။ အဲဒီသက်တမ်း ၆၀ ကျော်ခရီးမှာ ကိုဘကျောက် မေးပါပြီ။
‘‘မင်း မောနေသလား မအိမ်မြိုင်’’တဲ့။ အဲဒီလိုမေးပြီးတဲ့နောက်မှာ ကိုဘကျောက်ဆက်တွေးမိပါတယ်။ ဘယ်လိုတွေးသလဲဆိုရင် ‘‘မအိမ်မြိုင်ခမျာ သားသမီးတွေ၊ မြေးတွေကို တွေ့ချင်ရှာပေလိမ့်မည်’’လို့ တွေးပါတယ်။ ဒါဆို သေချာပါပြီ။ ကိုဘကျောက်နဲ့ မအိမ်မြိုင်တို့ရဲ့ သားသမီးတွေမှာ ခရီးဖော်တွေ ရှိနေကြပါပြီ။ အဲဒီလို ခရီးဖော်တွေ ရှိကြတဲ့အတွက်ကိုပဲ ဒီဝတ္ထုတိုလေးရဲ့ အဓိပ္ပာယ်က ပိုပြီးလှသွားတာပါ။ မိဘတွေဘက်က ကြည့်ရင်လည်း လှသလို သားသမီးဘက်ကကြည့်ရင်လည်း လှပါတယ်။
‘‘ပုံဆိုးမ’’ဆိုတဲ့ ဝတ္ထုတိုလေးကတော့ အရေးအသား ခတ်စမ်းစမ်းကလေးနဲ့ ဂရုဏာသက်ဖွယ် ဖတ်ရှုရမှာ ပါ။ အရေးအသား ခတ်စမ်းစမ်းလို့ ပြောရတာက ဒီလိုရှိပါတယ်။ စာရေးသူကိုယ်တိုင်က ‘‘ပုံဆိုးမ’’ဆိုတဲ့ ခွေးတစ်ကောင်ရဲ့ နေရာကနေ ဝင်ရေးထားတဲ့အတွက် ဖြစ်ပါတယ်။ ‘‘ကျွန်မတို့ မိသားစု ဘယ်လိုက ဘယ်လို ကွဲကွာလာခဲ့ကြတယ်ဆိုတာ ကျွန်မ မသိပါဘူး။ ကျွန်မသိတာက ကျွန်မ ဗိုက်အရမ်းဆာနေပြီဆိုတာပါပဲ။ တစ်အိမ်အိမ်ကိုမှ အလစ်ဝင်မစားရင် ဘယ်ကမှ ကျွန်မ စားရမှာ မဟုတ်ဘူး’’ဆိုတဲ့ အရေးအသားနဲ့ ဝတ္ထုတိုကို စထားပါတယ်။ အဲဒီထဲက ကျွန်မဆိုတာက လူမဟုတ်ပါဘူး။ ‘‘ပုံဆိုးမ’’ဆိုတဲ့ ခွေးမလေးပါ။ ဒီဝတ္ထုတိုထဲမှာ ခွေးတစ်ကောင် ရဲ့ သံဝေဂတရားတွေကိုလည်း တွေ့ရပါလိမ့်မယ်။
ကျွန်တော်အကြိုက်ဆုံးကတော့ ‘‘သရေထိုင်’’ဆိုတဲ့ ဝတ္ထုတိုလေးပါပဲ။ ‘‘၁၃၄၀ ပြေ့နှစ်၊ တစောင်မုံးလပြေ့ကျော်၅ရက်၊ မန်းဒလေးနေ ရွှေမျိုးများသိစေရံ အကြောင်းကျား လိုသည်မှာ ငတို့အိမ်က ပေစိဂျီး တမြန့် အပြင်သနေ့က ဆုံးသွားဒယ်။ အဲသဟာ ငါ့မြေးဒေ ခေါ်ပီး ရွာလာခဲ့ကြအုံး။ ငတို့အားလုံး စိတ်မကောင်း ဖျစ်ကြရဒယ်။ ဆက်ဆက်လာခဲ့ကြဘာ’’ဒါဟာ ဥဒယကျေးရွာမှာနေတဲ့ ဘိုးကံသာက မန္တလေးမြို့မှာနေတဲ့သူတွေဆီကို ပို့လိုက်တဲ့ စာပါ။ တနည်း ပြောရရင် ရှေးလူကြီးတစ်ယောက်ရေးထားတဲ့ စာပေါ့။ အဓိကကတော့ ပေစိကြီးသေသွားလို့ ပြန်လာခိုင်းတဲ့ စာပေါ့။ ဝတ္ထုတစ်ပုဒ်လုံးရဲ့ ဇာတ်လိုက်ကျော်ကလည်း အဲဒီ ‘ပေစိ’ ပါပဲ။
‘‘စာရွက်ခေါက်ကလေးကို ကိုင်ပြီး မျက်ရည်တွေ တစ်ပေါက်ပေါက်ကျနေတဲ့ မေမေ့မျက်နှာကို ကျွန်မ ငေးကြည့်ရင်း ရင်ထဲမှာ တစ်စုံတစ်ရာ ဆုံးရှုံးရပြီဆိုတဲ့ ကလေးသိနှင့် သိမ့်ခနဲ ခံစားလိုက်ရတယ်’’လို့ ဝတ္ထုထဲမှာ ရေးထားပါတယ်။ အဲလို မျက်ရည်ကျရလောက်အောင်ဆိုကတည်းက ပေစိဆိုတာ နယ်နယ်ရရတော့ မဟုတ် လောက်ပါဘူး။ ဒီလိုနဲ့ သားအမိနှစ်ယောက်ကို ရွာကိုပြန်ကြပါပြီ။ ခါတိုင်း ရွာကိုပြန်ရင် အဘဖြစ်သူက ရွာထိပ်ကနေ ထွက်ကြိုနေကြပါ။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ အဘကြီး ထွက်မကြိုနိုင်ပါဘူး။ အိမ်ရောက်မှသာ ကွပ်ပျစ်ကလေးပေါ် ငြိမ်ပြီးထိုင်နေတဲ့ အဘကို တွေ့လိုက်ကြရပါတယ်။ အဲဒီတော့မှ အဘကိုပြေးဖက်ပြီး ဆွေးမျိုးသားချင်းတွေ ဝိုင်းဖွဲ့ငိုကြပါတော့တယ်။
ထိုအချိန်မှာ သရက်ပင်အောက်က လေးဘောင်လေးဖက် ငုတ်ရိုက်ပြီး ကျပ်တင်ထားတဲ့ ပေစိကြီးရဲ့ စိုဖန့်ဖန့် သားရေချပ်ဟာ နေရောင်ထဲမှာ ပြန့်ပြန့်ကြီး လဲလျောင်းလို့ပေါ့။ ကဲ ‘သားရေချပ်’ ဆိုတာတော့ ပါလာပြီ။ ဒါဆို ဝတ္ထုရဲ့ခေါင်းစဉ် ‘သားရေထိုင်’ဆိုတာ ဘာကိုပြောတာလဲ။ ဝတ္ထုထဲက ရှေးလူကြီးဖြစ်တဲ့ ဘကြီးကံသာက လည်း ‘သားရေထိုင်’ကို ဥပမာပေးပြီး ဆုံးမစကားပြောသွားပါသေးတယ်။ အဲဒီဆုံးမစကားကြောင့်ပဲ ဒီဝတ္ထုတို လေးဟာ ပိုပြီးလှသွားရတာပါ။
ကျန်တဲ့ဝတ္ထုတိုတွေဖြစ်တဲ့ ငှက်ဖမ်းသမား၊ ပိုးဖလံ၊ ဘွိုင်လာအိမ်ကလေး၊ ကျူး၊ နှစ်ပင်လိမ်ကြိုး၊ ခံတပ်၊ အစွဲနာ၊ ကြိုတန်း၊ အချိန်မှတ်နာရီ၊ ရွှေတိုင်များလည်းလင်းတယ်၊ ခလောက်မြွေ တို့ဆိုရင်လည်း ရင်ထဲမှာ စွဲထင် ကျန်ရစ်စေမယ့် ဝတ္ထုတိုတွေ ဖြစ်ပါတယ်။ ခလောက်မြွေဆိုတဲ့ ဝတ္ထုဆိုရင် မျက်မမြင်တစ်ယောက်က ခလောက်မြွေကို ဘာကြောင့်ကြောက်သွားရလဲဆိုတဲ့ အဓိပ္ပာယ်ကို လေးလေးနက်နက် တွေးယူရတဲ့ ဝတ္ထုမျိုးပါ။ အဲဒါလည်း အရသာတစ်မျိုးပါပဲ။ ကျွန်တော်ရဲ့ စာအုပ်အညွှန်း အဆုံးသတ်ပါတော့မယ်။
ဒီဝတ္ထုတိုစာအုပ်ဟာ ၂၀၀၃ ခုနှစ်က အမျိုးသားစာပေဆုရရှိထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဝတ္ထုတိုစုစုပေါင်း ၁၅ ပုဒ် ပါဝင်ပါတယ်။ အဲဒီဝတ္ထုတိုအားလုံးဟာ ၁၉၉၅ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ ရွှေအမြုတေမဂ္ဂဇင်းမှာ ရေးဖွဲ့ခဲ့တဲ့ ခံစားမှုဝတ္ထုတိုတွေပဲ ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်က စတင်ထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်ရဲ့ အမည်ကတော့ ဆရာမကြီးခင်ခင်ထူးရေးတဲ့ ‘‘ဖက်စိမ်းကွမ်းတောင်’’ ရွှေဝတ္ထုတိုများ ဖြစ်ပြီး စာအုပ်တန်ဖိုး ၁၅၀၀ ကျပ်တည်းနဲ့ စာကောင်းပေကောင်းတွေကို ဖတ်ရှုရမှာ ဖြစ်လို့ ဝယ်ဖတ်ကြည့်ကြစေချင်ပါတယ်။
Kyaw Soe Thu (ရိုးရာလေး)