” ကျွန်တော် ငယ်ငယ်တုန်းကသာ ကွန်ပျူတာဂိမ်းတွေ ပေါ်နေပြီဆိုရင် ကျွန်တော့်ဘဝက တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်တယ်ဗျ” ဒီစကားကို ရယ်ကျဲကျဲနဲ့ ပြောခဲ့သူက တောင်ကိုရီးယားနိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ကင်ဘုံဆူးပါပဲ။ မိသားစုပိုင် စီးပွားရေးလုပ်ငန်းကြီးတွေ (Chaebol)ပဲ ကြီးစိုးထားတဲ့ တောင်ကိုရီးယားမှာ တစ်ကိုယ်တော် စွန့်ဦးတီထွင်လုပ်ငန်းရှင် ကင်ဘုံဆူး ထိပ်တန်းရောက်လာတာ အံ့အားသင့်စရာပါပဲ။
ကင်ဘုံဆူးတို့ မိသားစုက ဆင်းရဲပါတယ်။ သူ့မိဘနှစ်ပါးလုံး ပညာရေးမှာ မူလတန်းအဆင့်အထိပဲ တက်ခဲ့ရသူတွေပါ။ သူ့အဖေက ဘောပင်စက်ရုံလုပ်သား၊ သူ့အမေက ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းပါ။ ဆိုးလ်မြို့ရဲ့ ဆင်းရဲသားရပ်ကွက်မှာ သူတို့နေကြပါတယ်။ အိပ်ခန်းတစ်ခန်းပဲရှိတဲ့ အိမ်ကျဉ်းကျဉ်းလေးမှာ မိသားစု ၈ ယောက် နေကြတာပါ။ မိဘတွေ အလုပ်သွားချိန်ဆိုရင် သူတို့မောင်နှစ်မ ၅ ယောက်ကို အဘွားဖြစ်သူက ထိန်းရပါတယ်။
မိဘတွေ ဆင်းရဲတော့ ကင်ဘုံဆူးက ကျောင်းတက်ဖို့ ကိုယ့်ပိုက်ဆံကိုယ် ရှာရတယ်။ ကျူရှင်လိုက်ပြပြီး ပိုက်ဆံရှာတယ်။ ပိုက်ဆံမရှိလို့ ဘာမှမစားဘဲ အိပ်ယာဝင်တဲ့ညတွေဆိုတာ သူ့အတွက် မဆန်းတော့ပါဘူး။ ဒီလို ကြိုးစားရုန်းကန်ရင်းနဲ့ပဲ ဆိုးလ်အမျိုးသားတက္ကသိုလ်မှာ အင်ဂျင်နီယာဘာသာရပ်နဲ့ BSc ဘွဲ့ရော၊ MSc ဘွဲ့ရော ယူနိုင်ခဲ့ပါတယ်။
ကျောင်းပြီးသွားတော့ Samsung ကုမ္ပဏီရဲ့ IT services ဌာနမှာ online communication service အလုပ် ဝင်လုပ်တယ်။ ၅ နှစ်ကြာတော့ အင်တာနက်ကဖေးဖွင့်ဖို့ သူ အလုပ်ထွက်လိုက်တယ်။ မိသားစုနဲ့ မိတ်ဆွေတွေ ဝိုင်းဝန်းမတည်တဲ့ ဒေါ်လာ ၁၈၄,၀၀၀ ကို အရင်းပြုပြီး ၁၉၉၈ ခုနှစ်မှာ Hangame ကို စထောင်ခဲ့တယ်။ Hangame ဟာ တောင်ကိုရီးယားရဲ့ ပထမဆုံး online gaming portal ပါ။
” ကိုယ်ပိုင်လုပ်ငန်းစလုပ်တဲ့ အစောပိုင်းကာလမှာ စီးပွားရေးသမားအနေနဲ့ရော၊ ပရိုဂရမ်မာအနေနဲ့ရော ကျွန်တော် နေ့ညမပျက် အလုပ်လုပ်တယ်။ အရုဏ်တက်ချိန်ရောက်လို့ ရေနွေးရေချိုးခန်းသွားတဲ့အခါ ကျွန်တော် ငိုမိတယ်။ ကိုယ်ပိုင်စီးပွားရေးထောင်နိုင်လို့ ဂုဏ်ယူမိပေမဲ့ ဝန်ထမ်းတွေကို လစာမပေးနိုင်မှာကိုလည်း တွေးကြောက်မိနေတယ်”
အရုဏ်တက်ချိန်ရောက်ရင် ရေနွေးရေချိုးခန်းကို သွားတာ ကင်ဘုံဆူးအတွက် အလေ့အထတစ်ခု ဖြစ်လာတယ်။ တစ်ခါတလေ အိုင်ဒီယာသစ်တွေ စဉ်းစားရင်း ၁ နာရီလောက် ကြာတတ်တယ်။ ၂၀၀၅ ခုနှစ်မှာတော့ အမေရိကန်မှာပါ ခြေကုပ်ယူနိုင်ဖို့အတွက် ဆီလီကွန်တောင်ကြားကို သူ ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာတော့ IWILAB ( နောက်ပိုင်းမှာ ကာကာအို( Kakao ဖြစ်လာ)ကို တည်ထောင်ခဲ့တယ်။
Apple ရဲ့ ပထမဆုံး iPhone က ကမ္ဘာ့ဈေးကွက်ကို ကြီးစိုးလိုက်ချိန်မှာ စမတ်ဖုန်း app တွေ ဖန်တီးဖို့ အကြံရခဲ့ပြီး ၂၀၀၇ ခုနှစ်မှာပဲ NHN Entertainment Corporation ရဲ့ ပူးတွဲအမှုဆောင်ချုပ်အဖြစ်ကနေ နုတ်ထွက်လိုက်ပါတယ်။ ” သင်္ဘောဆိုတာ ဆိပ်ကမ်းမှာ ကျောက်ချထားရင်တော့ ဘေးအကင်းဆုံးပေါ့ဗျာ။ ဒါပေမဲ့ သင်္ဘောကို ကျောက်ချဖို့ ဖန်တီးထားတာမှ မဟုတ်ပဲ” တဲ့။ သူ့ရဲ့ နုတ်ထွက်စာမှာ ဒီအတိုင်း ရေးသားခဲ့တာပါ။ စွန့်စားမှုခြေလှမ်းတွေ စတင်ပြီဆိုတဲ့ ကြေညာချက်ပါပဲ။
၂၀၁၀ မှာတော့ KakaoTalk ကို သူ စတင်ခဲ့တယ်။ KakaoTalk ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ လူသုံးအများဆုံး messaging app ဖြစ်ပြီး စမတ်ဖုန်းအသုံးပြုသူ ၉၀ ရာခိုင်နှုန်း ထည့်သွင်းလေ့ရှိတဲ့ app ဖြစ်ပါတယ်။ KakaoTalk ရဲ့ အောင်မြင်မှုကြောင့် ဘီလျံနာဖြစ်လာခဲ့ပေမဲ့ ကင်ဘုံဆုကတော့ ရပ်တန့်မနေခဲ့ပါဘူး။ ၂၀၁၅ ခုနှစ်မှာ ဂျင်မီရင်း(မ်)ဆိုတဲ့ လူငယ်လေးကို Kakao Corporation ရဲ့ အမှုဆောင်ချုပ်အဖြစ် ယုံယုံကြည်ကြည် လွှဲအပ်ပေးပြီး နည်းပညာဆိုင်ရာ တက်သစ်စလုပ်ငန်း ၁၀၀ တည်ထောင်ချင်တဲ့ သူ့ရဲ့ရည်မှန်းချက်ကို ဆက်လက်အကောင်အထည် ဖော်ခဲ့ပါတယ်။
သူဟာ ငွေကြေးအရင်းအနှီး မတည်ပေးတဲ့ လုပ်ငန်းစု ၂ ခုကတစ်ဆင့် တက်သစ်စ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံခဲ့တာပါ။ Forbes မဂ္ဂဇင်းရဲ့ တွက်ချက်မှုအရ ကင်ဘုံဆူးဟာ အသားတင်ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၉.၆ ဘီလျံရှိပြီး တောင်ကိုရီးယားရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်နေပါတယ်။
” မိဘတွေက ကျွန်တော်တို့မောင်နှစ်မကို အနီးကပ်စောင့်ရှောက်ပေးဖို့ အချိန်မပေးနိုင်ဘူး။ ဒီတော့ ကျွန်တော်တို့ ကိုယ့်လမ်းကိုယ်ဖောက်ရတာပေါ့။ ကိုယ်ပိုင်လွတ်လပ်ခွင့်အများကြီးရှိတဲ့ အခြေအနေကြောင့် ကိုယ့်တာဝန်ကိုယ်ယူရမယ်ဆိုတဲ့ ခံယူချက်လည်း ဖြစ်လာစေပါတယ်” လို့ ကင်ဘုံဆူးက အတိတ်အကြောင်း ပြန်ပြောပြပါတယ်။ သူက ချမ်းသာဝကွယ်ဝလာလို့ သူ့သားသမီးတွေကိုလည်း ကျောင်းကောင်းကောင်း ထားနိုင်တယ်။ ဒါပေမဲ့ လက်ရှိပညာရေးစနစ်ကို သူ သဘောကျဟန်တော့ မပေါ်ပါဘူး။
” လက်ရှိပညာရေးစနစ်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကိုပဲ အာရုံစိုက်နေကြတာပါဗျာ။ လွတ်လပ်တဲ့ တွေးခေါ်ဖန်တီးမှုမျိုး မပါဘူး။ လူတော်တော်များများက သူတို့ကိုယ်သူတို့ ဘောင်ထဲမှာပဲ ကန့်သတ်ထားကြတယ်။ လာမယ့်မျိုးဆက်အတွက်တော့ ဘောင်အပြင်ထွက်ပြီး စဉ်းစားကြဖို့ လိုမယ်”လို့ သူက ဆိုပါတယ်။
Ref: Kim Beom-su, Kakao: Life of Brian
NZ (ရိုးရာလေး)