တရုတ်အစိုးရကြောင့် Ant Group ရဲ့ ဦးဆောင်သူရာထူးကို စွန့်လွှတ်ရတော့မယ့် ဂျက်မာ

9-1-2023-yyl-60.jpg

တရုတ်အစိုးရရဲ့ စည်းကမ်းထိန်းသိမ်းမှု ကြုံတွေ့ခဲ့ပြီးနောက်မှာ ဘီလျံနာ ဂျက်မာက ဘဏ္ဍာရေးဆိုင်ရာ နည်းပညာလုပ်ငန်းစု Ant Group ရဲ့ ဦးဆောင်သူရာထူးကို စွန့်လွှတ်တော့မှာပါ။

Ant Group ဟာ တရုတ်နိုင်ငံရဲ့ အဓိကအွန်လိုင်းပေးချေမှုစနစ်ဖြစ်တဲ့ Alipay ကို လည်ပတ်နေတဲ့ လုပ်ငန်းစုဖြစ်ပါတယ်။ e-commerce လုပ်ငန်းစုကြီးဖြစ်တဲ့ Alibaba ကို စတင်တည်ထောင်သူ ဂျက်မာကတော့ Ant Group မှာ တိုက်ရိုက် (သို့မဟုတ်) တစ်ဆင့်ခံအနေနဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားတာပါ။

ဂျက်မာဟာ တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးကဏ္ဍအပေါ် ဝေဖန်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ Ant Group ရဲ့ရှယ်ယာ ပေါင် ၂၆ ဘီလျံဖိုး ရောင်းချဖို့ စီစဉ်ခဲ့ပေမဲ့ နောက်ဆုံးမိနစ်မှ ဖျက်သိမ်းခဲ့ရပါတယ်။ ရှယ်ယာရောင်းချမယ့်အစီအစဉ် စတင်ခါနီးဆဲဆဲမှာ တရုတ်အစိုးရက စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကြီးကြီးမားမားဖြေရှင်းစရာတွေ ရှိနေတယ်ဆိုကာ တားဆီးခဲ့တာပါ။ နောက်ပိုင်းမှာ ဂျက်မာကိုလည်း လူမြင်ကွင်းမှာ မြင်ရခဲတဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ အပြောင်းအလဲအရ ဂျက်မာဟာ Ant Group ရဲ့ ရှယ်ယာ ၆ ရာခိုင်နှုန်းကျော်ကိုပဲ ထိန်းသိမ်းခွင့် ရရှိတော့မှာပါ။ Ant Group က အဆမတန် အင်အားကြီးထွားလာပြီး ဂျက်မာကလည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ချိန်မှာ တရုတ်အစိုးရအနေနဲ့ Ant Group ကို နိမ့်ပါးသွားအောင် ကြိုးပမ်းနေတာဖြစ်တယ်လို့ လေ့လာသုံးသပ်သူတချို့က ဆိုပါတယ်။

Ref: Jack Ma to give up control of fintech giant Ant Group

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top