၂၀၁၂ ခုနှစ်တုန်းက ကမ္ဘာကျော် ကိုကာကိုလာကုမ္ပဏီကနေ ဗီယက်နမ်ရဲ့နာမည်ကြီး ပြည်တွင်း အချိုရည် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ THP ကို ကန်ဒေါ်လာ ၂.၅ ဘီလီယံတန်ကြေးနဲ့ ရှယ်ယာအလုံးစုံ ဝယ်ယူမယ့် ကမ်းလှမ်းချက်ဟာ ပယ်ချခံခဲ့ရပါတယ်။ THP ကုမ္ပဏီပိုင်ရှင်၊ တည်ထောင်သူဖြစ်တဲ့ Tran Qui Thanh ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ဟာ ကိုကာကိုလာ ကုမ္ပဏီအတွက် အတော်လေး အံ့အားသင့်စရာ အနေအထားလည်း ဖြစ်ခဲ့ပါတယ်။
ဒီအကြောင်း အခြေအနေအရပ်ရပ်ကို Forbes Books ကနေ ယခုနှစ် ဩဂုတ်လအတွင်း ထုတ်ဝေခဲ့ပြီး Tran ရဲ့ သမီး Phou ကိုယ်တိုင်ရေးသားခဲ့တဲ့ Competing with Giants ဆိုတဲ့ စာအုပ်မှာ ပွင့်ပွင့်လင်းလင်း ဖွင့်ချသွားခဲ့ပါတယ်။ ဒီနောက်ကွယ်မှာတော့ THP ရဲ့ နောက်ခံ ဇာတ်လမ်းနဲ့ ဒီကုမ္ပဏီရဲ့ ဦးတည်ချက်တွေဟာ ဘာလဲ ဘယ်လဲ အတော်လေးကို စိတ်ဝင်စားစရာကောင်းသွားခဲ့တယ်။ THP ဆိုတာ အရှေ့တောင်အာရှမှာ ကုမ္ပဏီက ဘယ်လိုပုံရိပ်နဲ့ ရပ်တည်နေသလဲ၊ နှစ်စဉ် ဝင်ငွေ အမြတ်အစွန်းက ဘယ်လိုရှိသလဲ၊ ကုမ္ပဏီရဲ့ အနာဂတ် ရည်မှန်းချက်က ဘယ်လောက်ထိကြီးမားစွာရှိနေသလဲ… ဒါတွေက မေးခွန်းတွေ ဖြစ်လာတယ်။
THP ဆိုတာ
THP ဟာ ဗီယက်နမ်ရဲ့ နာမည်ကြီး အချိုရည် ကုမ္ပဏီပါ။ လက်ရှိအချိန်မှာ ကမ္ဘာကျော် နာမည်ကြီး အမှတ်တံဆိပ် မဖြစ်သေးပါဘူး။ သို့ပေမယ့် ဗီယက်နမ် ပြည်တွင်းဈေးကွက်မှာ ထိပ်တန်းနာမည်ရနေရုံမက ထိုင်း၊ ဩစတြေးလျနဲ့ ရုရှား တို့အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံကို ထိုးဖောက်ပြီး နာမည်ကြီး အချိုရည်အဖြစ် လူကြိုက်များ၊ ရေပန်းစားနေပြီဖြစ်တဲ့ ဗီယက်နမ် ကိုယ်စားပြု အမှတ်တံဆိပ်ပါပဲ။ ၂၀၁၅ ခုနှစ်မှာတော့ THP ဟာ ရောင်းရ ငွေ ကန်ဒေါ်လာ သန်း ၅ဝဝကို ရရှိပြီး မှတ်တမ်းတင်ခဲ့တယ်။ ကိုကာကိုလာကပါ ကမ်းလှမ်းလာရတဲ့ THP ရဲ့ အလားအလာဟာ တော်ရုံ သာမန်မဟုတ်တာတော့ အထင်းသား တွက်ဆနိုင်သလို ဒီကမ်းလှမ်းမှုကိုပါ ပယ်ချခဲ့တဲ့ Tran ရဲ့ အိပ်မက်က ဘယ်လိုရှိနေမလဲ စိတ်ဝင်စားမှု မြင့်စေပါတယ်။
ပြတ်သားတဲ့ငြင်းပယ်မှု နောက်ကွယ်
တကယ်တော့ Tran ဟာ အမေရိကန်ပြည်ထောင်ရဲ့ မဟာကုမ္ပဏီကြီးနဲ့ လက်တွဲရမယ့် အခွင့်အလမ်းမှာ သူ့ကုမ္ပဏီရဲ့ အနာဂတ်အရေးကို မျှော်လင့်ချက်ပြင်းပြင်း နဲ့ အင်မတန် စိတ်လှုပ်ရှားနေခဲ့ရတယ်။ ကမ်းလှမ်းမှုအတွက် ဗီယက်နမ်မှာ ကနဦး စကားပြောဆိုမှုတွေ ပြုလုပ်ပြီး တကယ်တမ်း အပြီးသတ်စကားပြောဖို့ အတ္တလန်တာမြို့ကို အရောက်သွားခဲ့တယ်။
ကိုကာကိုလာကုမ္ပဏီရဲ့ (ယခင်) စီအီးအိုဖြစ်သူ Muhtar Kent နဲ့ တွေ့ဆုံပြီးချိန်မှာတော့ သူ့ရဲ့ကမ်းလှမ်းချက်တွေက Tran အတွက် စိတ်ပျက်စရာတွေချည်းသာ ဖြစ်ခဲ့တယ်။ THP ဟာ ထုတ်ကုန် အသစ် ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းပစ်ရမယ်၊ THP က ထိုင်း ဩစတြေးလျနဲ့ အာရှနိုင်ငံတွေကို တင်ပို့နေတဲ့ ဈေးကွက်ကို ကိုကာကိုလာဆီ လက်လွှဲပေးရမယ့်အပြင် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတွေမှာ ဖြန့်ကျက်ထားတဲ့ THP ရဲ့အကျိုးစီးပွားကို လက်လွှတ်ရမယ် စသဖြင့် ကိုကာကိုလာရဲ့ ဈေးကွက်ကိုသာ ပိုဖြန့်ကျက် ချဲ့ထွင်လိုပြီး THP ရဲ့ ပုံရိပ်ကို လုံးဝဖြုတ်ချမယ့် အစီအစဉ်တွေပါပဲ။
ကိုယ်တိုင် မွေးမြူထူထောင်လာခဲ့ရတဲ့ လုပ်ငန်းစီးပွားကို ကိုယ်တိုင် ပြန်သတ်ပစ်ရလောက်အောင်အထိ ဘယ်လိုမှ လက်ခံနိုင်ဖွယ်မရှိလို့ Tran က ယတိပြတ် ပယ်ချပစ်ခဲ့တယ်။ Tran ရဲ့ ဆုံးဖြတ်ချက်က ဒီလိုပါ။ သူ့ ကုမ္ပဏီအပေါ် သူနဲ့ထပ်တူ တန်ဖိုးထားမှုမရှိတဲ့ ကိုကာကိုလာကို သူ့ရှယ်ယာတွေ လုံးဝ ထုတ်မရောင်းနိုင်ဘူး။ ခံယူချက်ခြင်း မတူ၊ အကျိုးစီးပွားချင်း မတူ၊ ရည်မှန်းချက်ချင်းပါ လားလားမျှ မတူညီတဲ့ အခြေအနေမှာ ကိုကာကိုလာရဲ့ မက်မောလောက်စရာ ငွေကြေးပမာဏနဲ့ ကမ်းလှမ်းဝယ်ယူမှုကို ရဲရဲရင့်ရင့် ငြင်းပယ်ပြီး တည်တည်ငြိမ်ငြိမ်ပဲ ကျောခိုင်း လှည့်ထွက်လာခဲ့တယ်။ သူ့ခြေလှမ်းတွေက သူထုဆစ်ချင်တဲ့ THP ကုမ္ပဏီ ရဲ့ မိုးကောင်းကင် အိပ်မက်တွေဆီသို့သာ…။ သူ့စိတ်ထဲ ရှင်းလင်းနေခဲ့တယ်။
“အကျိုးတူစီးပွားအတွက် လက်တွဲကြတယ်ဆိုတာ ခံယူချက်ချင်းတူမှသာဖြစ်မယ် သမီး၊ ဒါ့အပြင် ကိုယ်စီ အကျိုးစီးပွားအတွက် လက်တွဲနိုင်လောက်အောင် ထပ်တူကျတဲ့ ဘုံ ရည်မှန်းချက်မျိုး ရှိကြရမယ်၊ အခုကမ်းလှမ်းမှုဟာ ဒါတွေနဲ့ဆန့်ကျင်ဘက်သာပဲ သမီး ” ဒါက သူ့သမီးကို ပြောပြခဲ့တဲ့ Tran ရဲ့ စကားပါ။
Tran ရဲ့ ငယ်ဘဝ
၁၉၆၂ မှာ Tran ရဲ့ အမေဟာ ကားတိုက်ခံရပြီး ဆုံးပါးသွားချိန်မှာ Tran က ကိုးနှစ်သားပေါ့လေ။ လောကအလည် မျက်စိမပွင့်သေးတဲ့ ကလေးငယ်ဟာ သီလရှင်တွေ ဖွင့်ထားတဲ့ မိဘမဲ့ကျောင်းကို အပို့ခံခဲ့ရတယ်။ ကလေးသူငယ် ပြုစုရေးကို ချောင်ထိုးပြီး မေတ္တာတရား ခေါင်းပါးစွာ အုပ်ချုပ်တတ်တဲ့ ဒီကျောင်းမှာ Tran ဟာ ၆နှစ်ကြာ ငရဲကျခဲ့တယ်။
အရွယ်နဲ့မမျှအောင် အညှင်းဆဲခံ၊ အနှိပ်စက်ခံရတယ်။ နေ့စဉ်နေ့တိုင်း မိဘမဲ့ကျောင်းမှာ ကလေးတွေအတွက် ဘာအရသာမှမရှိတဲ့ ရေလုံပြုတ်သာသာ ဟင်းတွေသာ ကျွေးတယ်။ ပေါ့ပျက်ပျက်ဟင်းထဲ မီးဖိုချောင်က ငရုတ်သီး နည်းနည်းယူထည့်မိတဲ့ Tran ဟာ သီလရှင်တွေရှေ့မှာ ငရုတ်သီးကို ပန်းကန်တစ်လုံးလုံးကုန်အောင် စားပြရပြီး အပြစ်ပေးခံခဲ့ရတယ်။ ရန်ဖြစ်မိလို့ ဝက်မွေးခြံထဲမှာ သွားအိပ်ခဲ့ရတယ်။ အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ ကလေးဘဝကို တောင့်ခံ ကျော်ဖြတ်ခဲ့ရတဲ့ ဒီလိုအခြေအနေတွေကပဲ သူ့ဘဝအတွက် ပြန်ပြီးအကျိုးပြုခဲ့တယ်။
စိတ်ဓာတ်မာကျောမှု၊ စိတ်ပိုင်းကြံ့ခိုင်မှုကို Tran အတွက် အဆင်သင့် မွေးမြူထားပြီးသား ဖြစ်လာစေခဲ့တယ်။ Tran ဟာ သတ္တိကြီးပါတယ်။ ငယ်ဘဝက ခလုတ်ကန်သင်းများပြီး မချောမွေ့ပေမယ့် သူ့အတွက် ဘယ်သူမှ မရှိတော့ချိန်မှာ ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ့်အတွက်ကိုယ်ရပ်တည်ဖို့ ကျင့်သားရလာခဲ့တယ်။ စီးပွားရေးလောက ရဲ့ အတိုက်အခိုက် အတွန်းအရွေ့တွေမှာ ကြံ့ကြံ့ခံနိုင်ဖို့ စမှတ်ဖြစ်ခဲ့တယ်။
THP ရဲ့ ခရီးအစ
ဒီလိုနဲ့ ၁၉၇၅ ခုနှစ်၊ အမေရိကန်-ဗီယက်နမ်စစ်ကြီး ပြီးဆုံးသွားတဲ့ တစ်ပြိုင်နက်တည်းနှစ်မှာတင် စက်မှုအင်ဂျင်နီယာဘွဲ့ရအောင် Tran လုပ်နိုင်ခဲ့တယ်။ စက်မှုနဲ့ သတ္တုဗေဒဌာနမှာ အလုပ် ဝင်လုပ်တယ်။ သို့ပေမယ့် ဘဝက မဖြစ်စလောက် လုပ်ခလေးနဲ့ လစားဝန်ထမ်းဘဝ ဖြစ်နေတော့ သူမပျော်ဘူး။ ဒီလိုဘဝမှာ Tran မကျေနပ်နိုင်၊ မတင်းတိမ်နိုင်ဘူး။ ၂ နှစ်ကြာတော့ အလုပ်ကထွက်တယ်။ ဘဝလမ်းကြောင်းကို တစ်ဆစ်ချိုးတယ်။ တဆေးဖောက်တဲ့လုပ်ငန်းနဲ့ ကိုယ်ပိုင်စီးပွားရေးကို မြေစမ်းခရမ်းပျိုး စတယ်။
ကိုယ်ပိုင်အလုပ်တွေ တစ်ခုပြီးတစ်ခု ထပ်လုပ်တယ်။ နောက်တော့ ဘီယာချက်တဲ့လုပ်ငန်းကို တစ်ပိုင်တစ်နိုင် လုပ်ဖြစ်သွားရာက ၁၉၉၄ ခုနှစ်၊ အမေရိကန်ကနေ ဗီယက်နမ်အပေါ် စီးပွားရေးပိတ်ဆို့မှု ပြန်ုရုတ်သိမ်းလိုက်တဲ့အချိန်မှာပဲ ကိုယ်ပိုင်ကုမ္ပဏီ THP ကို တည်ထောင်လိုက်တယ်။
၂၀၀၀ ခုနှစ်နောက်ပိုင်းကစပြီး Tran ရဲ့ ကုမ္ပဏီကနေ ယမကာ ထုတ်လုပ်မှုအပိုင်းကို ဖြည်းဖြည်းချင်း လျှော့ချပစ်လိုက်ပြီး လက်ဖက်(ရည်) နဲ့ အချိုရည် ထုတ်ကုန်ဘက်ကို ပိုအာရုံစိုက်ပြီး ထုတ်တယ်။ အမြတ်အစွန်းက အရင်ကထက် အပြတ်အသတ်ရလာတယ်။ ၂၀၀၆ ခုနစ်ကနေ ၂၀၀၉ ခုနှစ်ကာလအတွင်းမှာ သူတို့ အသစ်ထပ်ထုတ်တဲ့ အချိုရည်ထုတ်ကုန် အမျိုးအစားတွေက ဈေးကွက်ထဲမှာ အဆင့်မီပြီး အလွန်လူကြိုက်များ၊ အရောင်းသွက်လို့ လုံးဝစွံသွားတယ်။ ဒီကာလတွေဟာ Tran အတွက် အမြင့်ပျံခရီးတွေ ဖြစ်ခဲ့ပြီး THP ဟာ ထိပ်တန်းကုမ္ပဏီအနေနဲ့ တန်းဝင်သွားခဲ့တယ်။
သားအဖနှစ်ယောက်ရဲ့ မောင်းနှင်အား
Tran ရဲ့သမီး Phuong Uyen Tran ဟာ လက်ရှိမှာ THP အချိုရည်ကုမ္ပဏီရဲ့ ဒုတိယ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူထားသူပါ။ သူက ၂၀၁၀ တုန်းက ဟားဗက်တက္ကသိုလ်မှာ စီမံခန့်ခွဲမှုဘာသာရပ်ကို သင်ယူခဲ့သူဖြစ်ပါတယ်။ သူ ဒီစာအုပ်ကိုရေးဖို့ စိတ်ကူးရလာတာက ဟားဗက်တက္ကသိုလ်မှာ ပညာသင်နေချိန်မှာပါပဲ။
စီးပွားရေးပိတ်ဆို့မှုကာလအပြီး သွေးထွက်နေတဲ့ ဗီယက်နမ်စီးပွားရေးမှာ THP ဘယ်လိုရုန်းထလာသလဲဆိုတာ ဟားဗက်အတန်းဖော်တွေက အထူးစိတ်ဝင်စားကြတယ်။ အတန်းဖော်တွေရဲ့ဗီယက်နမ် အပေါ် စိတ်ဝင်စားမှုကြီးတာက Phou အတွက် ဒီစာအုပ်ကို ရေးဖို့ တွန်းအားဖြစ်စေခဲ့တဲ့ အချက်ဖြစ်ခဲ့ပြီး Phuong ဟာ စာအုပ်ကို ၄ နှစ် အချိန်ယူပြီး ရေးခဲ့ရပါတယ်။
Tran တို့ လင်မယားနှစ်ယောက်စလုံးဟာ ထမင်းစားဝိုင်းမှာအထိ အလုပ်အကြောင်း မပြတ်တမ်း ပြောဆိုကြတာကို Phoung အဖို့ ညတိုင်း ကြားသိခဲ့ရတယ်။ အဖေပြောသမျှကို Phoung တကူးတက နားထောင်သင်ယူခဲ့ရတယ်။ ဒီအချိန်ကတည်းက ကုမ္ပဏီအတွင် အလုပ်ဝင် လုပ်ချင်စိတ်တွေက သူ့ဆီမှာ အမြစ်တွယ်နေခဲ့ရတယ်။
အဖေ့ကုမ္ပဏီမှာ အလုပ်စဝင်တော့ ဌာနဆိုင်ရာ အမျိုးမျိုးမှာ အောက်ခြေသိမ်း ဝင်လုပ်ခဲ့ရတယ်။ ဖခင်က လုပ်ငန်းပ်ိုင်းနဲ့ပတ်သက်လာရင် တခြားဘယ်သူ့ထက်မဆို သူ့ကို ပိုပြီး ကြပ်ကြပ်မတ်မတ် ဆက်ဆံခဲ့ပါတယ်။ ဆန်ရင်းနာနာ အဖွပ်ခံခဲ့ရပြီး အဖေ့ဆီက စီးပွားရေးပညာတွေ နာနာသင်ယူခဲ့ရတယ်။ ၂၀၀၃ ခုနှစ်မှာ ကုမ္ပဏီမှာ မားကတ်တင်း ဒါရိုက်တာရဲ့ အတွင်းရေးမှူး ဖြစ်လာတယ်။ လစာကိုတောင် အဖေနဲ့ ရင်ဆိုင် ညှိနှိုင်းခဲ့ရတယ်။ Phou ဟာ ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်ပုံကို ကောင်းကောင်းကြီး နားလည်လာအောင် ခုနှစ်ကြာ ထဲထဲဝင်ဝင် သင်ယူခဲ့ရပြီး တကယ် ထိုက်တန်ချိန်ရောက်မှသာ ဖခင်ရဲ့ နေရာတစ်ခုပေးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။
Phou ဟာ နိုင်ငံတကာ ထိပ်တန်းကုမ္ပဏီကြီးတွေနည်းတူ ၁၉၉၉ ခုနှစ်မှာ ERP နည်းပညာစနစ်ကို အသုံးပြုပြီး THP ကုမ္ပဏီရဲ့ စီမခန့်ခွဲမှုအပိုင်းမှာ ဒီဂျစ်တယ် တော်လှန်ရေးကို စခဲ့တယ်။ ဘယ်သူမှ နည်းပညာနဲ့ အကျွမ်းတဝင် မရှိကြတဲ့အချိန်ပါ၊ ဒါကြောင့် ကိုယ်တိုင်ကိုယ်ကျ သင်ယူပြီး ပြန်အသုံးချဖို့ လုပ်ခဲ့တာပါ လို့ သူ့စာအုပ်ထဲမှာ ရေးသားထားခဲ့ပါတယ်။
Phoung က အဖေဖြစ်သူကို ဘယ်လောက်လေးစားရသလဲဆိုတာ စာအုပ်ထဲမှာ စုံစုံလင်လင် ရေးသားထားတာပါ။ အနာဂတ်ကိုပဲ ခရီးထွင်၊ လမ်းဖောက်နေဖို့ အဖေက စိတ်ဝင်စားပြီး သူ့အပေါ် အလေးစားရဆုံးအချက်က သူ့ဘဝအပေါ် ညည်းညူ ၊ အားကုန်နေပြီး လေးဖင့်နေတာမျိုး မရှိတဲ့အချက်ပါပဲ လို့ ဖွင့်ဟ ရေးသားထားခဲ့တယ်။ အဖေ့ကိုကြည့်ပြီး စိတ်ခွန်အားမတက်ရတဲ့ နေ့ဆိုတာ မရှိသလောက်ပါပဲ လို့ ဆိုပါသေးတယ်။
THP ရဲ့ အနာဂတ်အိပ်မက်နဲ့ အဓိကပစ်မှတ်
THP အတွက် အနာဂတ်ရည်မှန်းချက်ပန်းတိုင်က ၂၀၂၃ ခုနှစ်မှာ ဝင်ငွေ ကန်ဒေါ်လာ တစ်ဘီလီယံဖြစ်လာဖို့၊ ၂၀၂၇ ခုနှစ်မှာ သုံးဘီလီယံအထိ ဝင်ငွေရှိလာဖို့ ရေရှည် မျှော်မှန်းထားတာဖြစ်ပါတယ်။ ဒါကို ဘယ်လိုဖြစ်အောင်လုပ်သွားမလဲဆိုတဲ့မေးခွန်းကိုတော့ Tran တို့ သားအဖနှစ်ယောက်စလုံး နှုတ်ဆိတ်လျှို့ဝှက်နေခဲ့ပာတယ်။ မကြာသေးမီက ဘီဘီစီရဲ့အဆ်ိုအရတော့ လာမယ့်နှစ်ပိုင်းအတွင်းမှာ ကိုကာကိုလာရဲ့ မိခင်တပ်ရင်းဖြစ်တဲ့ အမေရိကန်မှာပါ THP ရဲ့ ဈေးကွက်ကို ချဲ့ထွင်ဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
THP ကို ကျွန်တော်တို့စလုပ်တုန်းက ဝန်ထမ်း ၂၀ နီးပါး နဲ့လည်ပတ်ခဲ့ပြီး တစ်ရက်ကို အဖျော်ယမကာ လီတာသုံးထောင်နဲ့ တစ်နှစ်ကို လီတာတစ်သန်းနီးပား ထုတ်နိုင်ခဲ့တယ်။ ဒီနေ့မှာတော့ ကုမ္ပဏီက ဝန်ထမ်း ၄၀၀၀ နဲ့ လည်ပတ်နေပြီး တစ်နှစ်ကို အချိုရည်ပမာဏ တစ်ဘီလီယံ လီတာ နဲ့အထက် ထုတ်လုပ်နေနိုင်ပြီဆိုတာ လက်တွေ့ပါပဲ လို့ ဘီဘီစီနဲ့ အတွေ့မှာ Tran က ဖြေခဲ့တယ်။
Tran က အမြော်အမြင်ဥာဏ် အင်မတန်ထွင်းဖောက်နိုင်သူပါ။ ဆမ်ဆောင်း လို့ ဆိုလိုက်တာနဲ့ တောင်ကိုရီးယားကို ခံစားမိသလိုမျိုး၊ တိုယိုတာ လို့ ဆိုလိုက်ရင် ဂျပန်ပြည်နဲ့ ခွဲမရသလိုမျိုး၊ THP လို့တစ်ချက်ကြားလိုက်ရုံနဲ့ ဗီယက်နမ်ပြည်ကို လူတွေ တန်းခနဲပြေးမြင်ကြဖို့အထိ Tran က ပစ်မှတ်ထားထားတာဖြစ်ပါတယ်။ THP ကို ကမ္ဘာမှာ ပုံရိပ်ခိုင်မာတဲ့ အမှတ်တံဆိပ်တစ်ခုအဖြစ် ရေရှည်တည်ဆောက်သွားန်ိုင်ဖို့ Tran က ယုံကြည်ထားပြီး ဗီယက်နမ်ကို ကမ္ဘာ့အလယ်မှာ ထင်းနေစေချင်တာ Tran ရဲ့ တကယ့် ဆန္ဒအစစ်အမှန်ပါပဲ။
Tran က ခံယူချက်ပြင်းတယ်။ စိတ်ကူးအိပ်မက်ကြီးတယ်။ ရည်မှန်းချက်မြင့်တယ်။ သူ့အသက်က အခု ၆၄ နှစ်အရွယ်ရှိနေပါပြီ။ သူ့ရဲ့ အနာဂတ်ကုမ္ပဏီကို သမီးလက်ထဲထည့်ခဲ့ဖို့ အသေအချာပါပဲ။ Tran ရဲ့သမီးကတော့ အဖေ့ရဲ့ မိုးကောင်းကင် အိပ်မက်အတွက် နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာသလို ရှေ့ကနေ ဦးဆောင်ခြယ်မှုန်းပေးဖို့ပါ အမြဲအသင့် ဖြစ်နေခဲ့ပါပြီ။
Tran ကိုင်စွဲထားတဲ့ ဘဝခံယူချက်ကတော့ ဒီလိုပါ။
“မလုပ်နိုင်ဘူး၊ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး။ ဘဝဟာ မိုင်ကုန် ရွက်လွှင့်ရဲရတဲ့ ခရီးဖြစ်တယ်။ လုပ်စရာရှိတာတွေကို အတားအဆီးမဲ့ ရေကုန်ရေခမ်း လုပ်သွားမယ်”
Ref: South China Morning Post ” The Vietnamese family drinks firm that turned down Coca-Cola’s US$2.5 billion buyout offer”
AI (ရိုးရာလေး)