၁၄၁ ပေမြင့်တဲ့ ၁၆ လွှာတိုက်ခန်းက ပြုတ်ကျခဲ့ပေမဲ့ ဒဏ်ရာကြီးကြီးမားမား မရခဲ့တဲ့ ၄ နှစ်သားကလေးငယ်

5.8.2024-yyl-2.png

၄ နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ ၄၃ မီတာ (၁၄၁ ပေ) မြင့်မားတဲ့ ၁၆ လွှာတိုက်ခန်းပေါ်ကနေ ပြုတ်ကျခဲ့ပေမဲ့ ဒဏ်ရာကြီးကြီးမားမား မရခဲ့ဘဲ ပွန်းပဲ့ဒဏ်ရာလောက်သာ ရခဲ့တာ‌ကြောင့် အံ့အားသင့်ဖွယ် ဖြစ်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ အူဘာဗီလာဒေသမှာ နေထိုင်တဲ့ ၄ နှစ်အရွယ် ကလေးငယ် အန်ဇိုဟာ အော်တစ်ဇင်အခြေအနေ ရှိသူပါ။ မေလ ၂၆ ရက်မှာ အန်ဇိုရဲ့ ငိုသံကြားလို့ သူ့အဖေက အခန်းထဲ ဝင်ချော့ဖို့ တံခါးဖွင့်ချိန်မှာ တံခါးလော့ခ်ချထားမှန်း သိလိုက်ရပါတယ်။ အန်ဇိုဟာ အရင်တုန်းက တံခါးလော့ခ် မချဖူးပါဘူး။ သူ့မိဘတွေက အန်ဇို မတော်တဆ အခန်းထဲ ပိတ်မိနေပြီထင်ပြီး ပူပန်သွားကြပါတယ်။

အန်ဇိုရဲ့ဖခင် ဂျီက တံခါးဖျက်ပြီး အခန်းထဲ ဝင်သွားချိန်မှာတော့ အန်ဇိုရဲ့ ငိုသံမကြားရတော့သလို အခန်းထဲမှာလည်း အန်ဇို ရှိမနေပါဘူး။ ပြတင်းပေါက် တံခါးကလည်း ပွင့်နေပါတယ်။ ထိတ်လန့်သွားတဲ့ မိဘနှစ်ပါးက လသာဆောင်ကနေ ကြည့်လိုက်ချိန်မှာတော့ မြေညီထပ် ဆေးဆိုင်ခေါင်မိုးပေါ်မှာ မလှုပ်မယှက်ဖြစ်နေတဲ့ အန်ဇိုကို လှမ်းမြင်လိုက်ရပါတယ်။ ဂျီက တိုက်အောက်ကို သုတ်ခြေတင် ဆင်းသွားပြီး ဆေးဆိုင်ခေါင်မိုးပေါ် တွယ်တက်ကာ အန်ဇိုဆီ သွားခဲ့ပါတယ်။

အဆိုးဆုံးအခြေအနေကို ကြိုတွေးထားတဲ့ ဂျီဟာ အန်ဇိုကို မြင်လိုက်ရချိန်မှာတော့ အံ့အားသင့် ပျော်ရွှင်သွားခဲ့ပါတယ်။ အန်ဇိုက ခြေထောက်မှာ ပွန်းပဲ့ဒဏ်ရာပဲ ရခဲ့ပြီး ဒဏ်ရာကြီးကြီးမားမား မရပါဘူး။ လမ်းလည်း လျှောက်နိုင်ပါတယ်။ ဒါပေမဲ့ မိဘတွေက အတွင်းဒဏ်ရာများ ရမလားဆိုတဲ့ ပူပန်စိတ်နဲ့ အရေးပေါ်ကားခေါ်ပြီး အန်ဇိုကို ဆေးရုံ ပို့ခဲ့ကြပါတယ်။ ဆေးရုံမှာ ၇ ရက်ကြာ စောင့်ကြည့်ခဲ့ပေမဲ့ ကျောက်ကပ်နဲ့ အဆုတ်ကနေ အနည်းငယ် သွေးစိမ့်ခဲ့ပြီး ဆရာဝန်တွေရဲ့ ကုသမှုကြောင့် ပျောက်ကင်းသွားခဲ့သလို အခြားဒဏ်ရာ ကြီးကြီးမားမား မရှိလို့ ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ပါတယ်။

အန်ဇိုအနေနဲ့ ၁၆ လွှာတိုက်ခန်းကနေ ပြုတ်ကျခဲ့ပေမဲ့ အသက်ရှင်ခဲ့ပြီး ကြီးကြီးမားမား ဒဏ်ရာမရတာဟာ ဖုန်တင်နေတဲ့ ဆေးဆိုင်ခေါင်မိုးက ကူရှင်သဖွယ် ခံထားပေးလို့ ဖြစ်မယ်လို့ တချို့က ယူဆကြပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေကတော့ သူ့ရဲ့ ပေါ့ပါးပြီး ပျော့ပျောင်းတဲ့ ခန္ဓာကိုယ်ကြောင့် ဒဏ်ရာကြီးကြီးမားမား မရခဲ့တာဖြစ်မယ်လို့ ယူဆထားပါတယ်။

Ref: 4-Year-Old Boy Survives 16th-Floor Fall with Only Minor Injuries
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top