အဆုံးစီရင်ရာနေရာလို့ နာမည်ကြီးတဲ့ တံတားပေါ်ကနေ လူ ၄၆၉ ဦးရဲ့ အသက်ကိုကယ်တင်နိုင်ခဲ့သူ

6.8.2024-yyl-4.jpg

တရုတ်နိုင်ငံ ယန်ဇီမြစ်ပေါ်မှာ ရှိတဲ့ တံတားဟာ ပြည်တွင်းမှာရော၊ ကမ္ဘာတစ်ဝန်းမှာပါ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု အများဆုံးနေရာအဖြစ် ကျော်ကြားပါတယ်။ နေ့စဉ်နေ့တိုင်းနီးပါး အဲဒီတံတားပေါ်မှာ တစ်ကိုယ်တည်း အထီးကျန်စွာ ငေးမောတွေဝေနေသူတွေ၊ လေးကန်ထိုင်းမှိုင်းတဲ့ ခြေလှမ်းတွေနဲ့ လမ်းလျှောက်နေသူတွေကို မြင်ရမှာပါ။

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု များတဲ့ ဒီနေရာမှာ လူ့အသက်တွေကို ကယ်တင်ပေးနေတာကြောင့် နန်ကျင်းမြို့ရဲ့နတ်သားလို့တောင် တင်စားခံရသူတစ်ဦးတော့ ရှိပါတယ်။ သူကတော့ မစ္စတာချန်းစီပါ။ ချန်းစီဟာ လွန်ခဲ့တဲ့ ၂၁ နှစ်ကစတင်ပြီး မြစ်ထဲခုန်ချကာ အဆုံးစီရင်မယ့်သူတွေကို လိုက်လံတားဆီးခဲ့ပါတယ်။ ဘယ်သူကမှ စေခိုင်းတာကြောင့် မဟုတ်ဘဲ သူ့သဘောနဲ့သူ အသက်ကယ်ပေးခဲ့တာပါ။ သူဟာ တံတားပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်မယ့်သူ ၄၆၉ ယောက်အထိ ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအကြောင်းကို South China Morning Post သတင်းဌာနက ဖော်ပြခဲ့တာပါ။ ချန်းစီဟာ ၂၀၀၀ ပြည့်နှစ်မှာ မြစ်ထဲ ခုန်ချလုဆဲဆဲ မိန်းကလေးငယ်တစ်ဦးကို စတင်တားဆီးခဲ့တာပါ။ သူဟာ မိန်းကလေးငယ်နဲ့အတူတူ နေ့လယ်စာစားပြီး အပြန်ဘတ်စ်ကားလက်မှတ်ပါ ဝယ်ပေးခဲ့ပါသေးတယ်။ အဲဒီနောက်ပိုင်းမှာတော့ ချန်းစီက လျှပ်စစ်စကူတာလေးစီးပြီး တံတားပေါ်ကို တစ်နေ့ ၁၀ ကြိမ်လောက် ဖြတ်လေ့ရှိပါတယ်။ တံတားပေါ်က ဖြတ်တိုင်းမှာလည်း အဆုံးစီရင်မယ့်သူတွေ ရှိ၊ မရှိ လိုက်လံရှာဖွေပြီး အဆုံးစီရင်မှုမလုပ်အောင် ဆွေးနွေး ဖြောင်းဖြ တားဆီးလေ့ရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ သူ့အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် ထွက်ပေါ်လာခဲ့ပြီး ဆုအများအပြား ရခဲ့ပါတယ်။ ဇာတ်ကားနာမည်က Called Angel of Nanjing လို့ အမည်ရပါတယ်။

Ref: China ‘Angel’ Stops 469 Suicidal People Jumping off Bridge Over 21 years
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top