ဂူငယ်ထဲမှာ ၁၇ နှစ်ကြာ ပုန်းအောင်းခဲ့တဲ့ တရားခံပြေးတစ်ယောက်ကို မောင်းသူမဲ့ယာဉ်အကူအညီကြောင့် ဖမ်းမိ

yyl-3-9-013.jpg

တရုတ်ရဲတပ်ဖွဲ့ဟာ (၁၇)နှစ်ကြာ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံပြေးတစ်ယောက်ကို မောင်းသူမဲ့ယာဉ်အကူအညီကြောင့် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အသက်(၆၃)နှစ်ရှိတဲ့ ဆောင်ကျင်းဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေကို လူကုန်ကူးလို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပေမဲ့ ၂၀၀၂ ခုနှစ်မှာ ရဲဘက်စခန်းကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့သူက လူသူအရောက်အပေါက်မရှိတဲ့ ဂူငယ်ထဲမှာ နှစ်ရှည်လများ နေထိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ အစောပိုင်းမှာ ယုံရှန်းကောင်တီ ရဲတပ်ဖွဲ့က ဆောင်ကျင်းရှိနိုင်တဲ့နေရာကို သဲလွန်စရခဲ့ပါတယ်။ အဲဒီသဲလွန်စအရ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှာရှိတဲ့ ဆောင်ကျင်းရဲ့မွေးရပ်မြေအနောက်ပိုင်းက တောင်တွေပေါ်မှာ ရှာဖွေခဲ့ကြပါတယ်။ အဲဒီနေရာတစ်ဝိုက်မှာ ရှာဖွေခဲ့ပေမဲ့ ဆောင်ကျင်းရဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ရပါဘူး။ အဲဒီနောက်မှာ ရဲအရာရှိတွေကို ကူညီဖို့အတွက် အာဏာပိုင်တွေက မောင်းသူမဲ့ယာဉ်တွေ စေလွှတ်ပေးခဲ့ပါတယ်။

မောင်းသူမဲ့ယာဉ်နဲ့ ရှာဖွေရာမှာ မတ်စောက်တဲ့ တောင်စောင်းပေါ်က အပြာရောင်သွပ်ပြားတစ်ချပ်နဲ့ မီးဖိုချောင်အမှိုက်သရိုက်တွေကို တွေ့ရှိခဲ့ပါတယ်။ အဲဒီနေရာကို ရဲအရာရှိတွေကို တောနင်းရှာဖွေရာမှာတော့ ဂူငယ်ထဲမှာ ပုန်းအောင်းနေတဲ့ ဆောင်ကျင်းကို တွေ့ရှိခဲ့တာပါ။ နှစ်ရှည်လများ တစ်ယောက်တည်း နေထိုင်ခဲ့တဲ့ ဆောင်ကျင်းကို စစ်ဆေးမေးမြန်းဖို့ အခက်တွေ့နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဆောင်ကျင်းဟာ မြစ်ထဲက ရေကို ပလတ်စတစ်ဘူးသုံးပြီး သစ်ကိုင်းခြောက်တွေကို မီးမွေးရင်း ချက်ပြုတ်စားသောက်ခဲ့ပါတယ်။ ဆောင်ကျင်းကို ဖမ်းမိခဲ့ပြီးနောက်မှာ ရဲတပ်ဖွဲ့က သူ့ကို အကျဉ်းထောင်ထဲ ပြန်ပို့ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top