တောင်ကိုရီးယားမယ်စကြဝဠာပြိုင်ပွဲ နောက်ဆုံးအဆင့် ဝင်ပြိုင်ခွင့်ရခဲ့တဲ့ အသက် ၈၀ အရွယ်အမျိုးသမီးကြီး

1.10.2024-yyl-10.png

အသက် ၈၀ အရွယ် အမျိုးသမီးကြီးတစ်ဦးဟာ တောင်ကိုရီးယားမယ်စကြဝဠာပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပါပြီ။ မြေး ၃ ယောက်ရှိတဲ့ အမျိုးသမီးကြီး ချွဲဆွန်ဟွာဟာ ရှေ့လထဲမှာ အသက် ၈၁ နှစ် ပြည့်တော့မှာဖြစ်ပေမဲ့ တောင်ကိုရီးယားနိုင်ငံကိုယ်စားပြုပြီး မယ်ကမ္ဘာပြိုင်ပွဲဝင်ခွင့်ရရေး အိပ်မက်ကို လက်မလျှော့ခဲ့သူပါ။ မယ်စကြဝဠာပြိုင်ပွဲမှာ စည်းမျဉ်းတွေပြောင်းလဲခဲ့ပြီး အသက်ကန့်သတ်ချက်ကိုပါ ဖြေလျှော့ပေးခဲ့တာကြောင့် ချွဲဆွန်ဟွာက ဒီနှစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့တာဖြစ်ပါတယ်။

” အသက်ကန့်သတ်ချက် ဖြေလျှော့ပေးလိုက်တော့ ဝင်ပြိုင်ကြည့်သင့်တယ် ထင်တယ်လေ။ နောက်တစ်ဆင့်ကို တက်သည်ဖြစ်စေ၊ မတက်သည်ဖြစ်စေ ဒီအခွင့်အရေးကိုတော့ ဖမ်းဆုပ်ရမှာပဲ။ အပြင်ပန်း လှပဖို့ လိုသလို အတွင်းစိတ် အေးချမ်းဖို့၊ တခြားသူတွေကို လေးစားမှုရှိဖို့လည်း လိုမယ်ထင်ပါတယ်”လို့ ချွဲဆွန်ဟွာက ဆိုပါတယ်။

ချွဲဆွန်ဟွာက ဖက်ရှင်မော်ဒယ်တစ်ဦးအဖြစ် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်ပြီး Harper’s Bazaar နဲ့ Elle တို့လို မဂ္ဂဇင်းတွေ၊ ကိုရီးယား အလှကုန်အမှတ်တံဆိပ် အများအပြားနဲ့လည်း လက်တွဲလုပ်ကိုင်ခဲ့သူပါ။ တကယ်တော့ ချွဲဆွန်ဟွာဟာ သူနာပြုဆရာမတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သူဖြစ်ပြီး အသက် ၇၂ နှစ်အရွယ်မှာ သူအလုပ်လုပ်တဲ့ ဆေးရုံမှ လူနာတစ်ဦးက သူ့ကို မော်ဒယ်လုပ်သင့်တယ်လို့ မှတ်ချက်ပေးပြီးနောက်မှာမှ ဖက်ရှင်မော်ဒယ်လောကထဲ ဝင်ရောက်ခဲ့သူပါ။

သူဟာ အလုပ်ဆင်းတဲ့အခါ မော်ဒယ်သင်တန်း တက်ခဲ့ပြီး အသက် ၇၄ နှစ်အရွယ်မှာတော့ ဆိုးလ်ဖက်ရှင်ရက်သတ္တပတ်မှာ မော်ဒယ်အဖြစ် ဝင်လျှောက်ခဲ့တာပါ။ စက်တင်ဘာလ ၃၀ ရက်နေ့မှာတော့ တောင်ကိုရီးယားမယ်စကြဝဠာပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကို ကျင်းပခဲ့ပြီး အသက် ၂၄ နှစ်အရွယ် ကိုရီးယားအဆိုတော် ကင်ချဲဟွန်က သရဖူရရှိခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့မယ်စကြဝဠာပြိုင်ပွဲမှာ တောင်ကိုရီးယားနိုင်ငံ ကိုယ်စားပြု ဝင်ပြိုင်ခွင့်မရခဲ့ပေမဲ့ ချွဲဆွန်ဟွာရဲ့သတင်းကတော့ ကမ္ဘာ့မီဒီယာတွေမှာ ပျံ့နှံ့သွားခဲ့ပြီး တောင်ကိုရီးယားမယ်စကြဝဠာပြိုင်ပွဲမှာ သရဖူဆောင်းခဲ့သူရဲ့သတင်းကိုတောင် မှေးမှိန်သွားစေခဲ့ပါတယ်။

Ref: 80-Year-Old Woman Reaches South Korea Miss Universe Final
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top