သမီးဖြစ်သူ မာရစ်ဆာ (Marissa) တစ်ယောက်တည်း နေတဲ့အချိန်မှာ ” စိတ်လုံခြုံစေဖို့” ဆိုပြီး ဖခင်က သူ့သမီးအိမ်မှာ ပလတ်စတစ် စစ်သားရုပ် သေးသေးလေးတွေ လိုက်ဝှက်ထားလေ့ရှိပါတယ်။
တီဗွီနောက်မှာ…
ဗီဒိုထဲမှာ…
ပုံမှန်အားဖြင့် ဘယ်သူမှ သတိမထားမိတဲ့ နေရာမျိုးတွေမှာ ဝှက်ထားတာပါ။
“ဒါတွေက သမီးရဲ့ ကိုယ်ပိုင်လုံခြုံရေးစနစ်ပဲ၊ စစ်သားလေးတွေက သမီးကို စောင့်ရှောက်ပေးနေတာ” လို့ ဖခင်ဖြစ်သူက စနောက်ခဲ့ဖူးပါတယ်။
ဒါဟာ မာရစ်ဆာနဲ့ သူ့အဖေတို့ကြားက ရယ်မောစရာ ကိစ္စတစ်ခု ဖြစ်ခဲ့ပေမဲ့ ဖခင် ကွယ်လွန်သွားပြီးနောက်မှာတော့ အောက်မေ့ လွမ်းဆွတ်စရာ ဖြစ်လာခဲ့ပါတယ်။
သူ့ဖခင် ကွယ်လွန်ပြီးနောက် ၃ နှစ်ကြာတဲ့အထိ မာရစ်ဆာဟာ မထင်မှတ်ထားတဲ့ နေရာတွေကနေ ပလတ်စတစ် စစ်သားရုပ်လေးတွေ ရှာတွေ့နေဆဲပါပဲ။ အဲဒီလို ရှာတွေ့မိချိန်တိုင်းမှာလည်း မာရစ်ဆာက သူ့အိမ်ကို သူ့အဖေ လာလည်သွားသလို ခံစားရစမြဲပါပဲ။
မကြာသေးခင်ကလည်း မာရစ်ဆာက မီးသီးလဲရင်းနဲ့ မီးဆိုင်းအိမ် အပေါ်ဘက်ကနေ ပလတ်စတစ် ရုပ်လေးတစ်ရုပ် တွေ့ရှိခဲ့ပါသေးတယ်။ အဲဒီအရုပ်လေးက အိမ်အဝင်ဝကို စောင့်ရှောက်နေတဲ့ ပုံစံမျိုးနဲ့ ဒီနေရာမှာ နှစ်အတော်ကြာ ရှိနေခဲ့ပုံပါပဲ။
သူ့အဖေ မရှိတော့တဲ့နောက်ပိုင်းမှာတော့ သူ ဝှက်ထားခဲ့တဲ့ ကစားစရာအရုပ်လေးတွေက မာရစ်ဆာအတွက် အဖိုးတန်ရတနာတွေ ဖြစ်လာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ့အဖေက သူ့ကို ကာကွယ်ပေးဖို့ လူကိုယ်တိုင် မရှိနိုင်တော့ပေမဲ့ အဖေထားခဲ့တဲ့ စစ်သားရုပ်လေးတွေကတော့ မာရစ်ဆာအတွက် အမြဲတမ်း အစောင့်အရှောက်အဖြစ် ရှိနေပေးလို့ပါပဲ။
Ref: Marissa lived alone, but her father always wanted to make sure she felt safe.
NZ (ရိုးရာလေး)

