ရွှံစေးအိုးကြီးတွေ ရာနဲ့ချီ တင်ဆောင်ခဲ့ပြီး ကုန်သွယ်ရေကြောင်း သွားလာခဲ့တဲ့ ရောမခေတ် သင်္ဘောပျက်တစ်စင်းကို အီတလီနိုင်ငံ စစ္စလီကျွန်းကမ်းလွန်ဘက်မှာ တွေ့ရှိခဲ့ပါတယ်။
လှံထိုးငါးဖမ်း (Spearfishing) ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်တဲ့ ဒီမိုလာဟာ စစ္စလီကျွန်းအနောက်ပိုင်းမှာ လေ့ကျင့်နေတုန်း ဆိုနာ (sonar) စက်မှတဆင့် ဒီသင်္ဘောပျက်ရဲ့ အရိပ်အယောင်ကို စတွေ့ခဲ့တာပါ။ အနက်ပေ ၁၅၀ လောက် ရေငုပ်ကြည့်ချိန်မှာ ကွဲအက်နေတဲ့ ရွှံ့စေးအိုးကြီးတွေကို တွေ့လိုက်တာကြောင့် ဒီအကြောင်း သူ့အဖော်ကို ပြန်ပြောဖို့ ဒီမိုလာက ရေပေါ် ပြန်တက်လာခဲ့တာပါ။
ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ ကျော် (ခရစ်တော်မပေါ်မီ ၂ ရာစုနဲ့ ၁ ရာစုကြား) က နစ်မြုပ်သွားခဲ့တဲ့ ရောမခေတ် သင်္ဘောပျက်ကြီးတစ်စင်းဖြစ်ပြီး ပေ ၇၀ နီးပါးရှည်တဲ့ ဒီသင်္ဘောပျက်ကို စစ်ဆေးကြည့်တဲ့အခါ ရာနဲ့ချီတဲ့ ရွှံ့စေးအိုးကြီးတွေ၊ ခဲနဲ့လုပ်ထားတဲ့ ကျောက်ဆူးနှစ်ချောင်း၊ နောက်ထပ် ခဲသတ္တုပစ္စည်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။

ဒါဟာ ရောမခေတ်သင်္ဘောပျက်နေရာဖြစ်ကြောင်း ရှေးဟောင်းသုတေသနပညာရှင်တွေက အတည်ပြုပေးခဲ့ပါတယ်။ သစ်သားသင်္ဘောကိုယ်ထည်ဟာ သဲတွေ၊ ရွှံ့ညွှန်တွေအောက်မှာ နစ်မြုပ်ပြီး သဘာဝအတိုင်း ထိန်းသိမ်းထားသလို ဖြစ်စေခဲ့တာပါ။ ရွှံ့စေးအိုးတွေဟာ ရာစုနှစ်ပေါင်းများစွာ နုန်းတွေအောက်မှာ မြုပ်နေခဲ့ရာကနေ ပင်လယ်ရေစီးကြောင်းကြောင့် ပေါ်လာတာဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
မြေထဲပင်လယ်အပြင် ဥရောပရဲ့ မြစ်တွေထဲမှာ ရောမသင်္ဘောပျက် အများအပြားကို ရှာဖွေတွေ့ရှိခဲ့ဖူးပါတယ်။ ၂၀၂၃ ခုနှစ်တုန်းကလည်း ရောမမြို့အနီး ကမ်းလွန်မှာ အဝေးထိန်းစက်ရုပ်နဲ့ ရှာဖွေရင်း အခုလိုပဲ မြေအိုး ရာနဲ့ချီတင်ဆောင်လာတဲ့ ရောမသင်္ဘောပျက်တစ်စင်းကို တွေ့ခဲ့ရပါသေးတယ်။
မြေထဲပင်လယ်ထဲက ရောမသင်္ဘောပျက်တွေကို ကြည့်ခြင်းအားဖြင့် ခရစ်တော်မပေါ်ခင် ၁၀၀ ကနေ ခရစ်သက္ကရာဇ် ၁၀၀ ကြားမှာ ရောမတို့ရဲ့ ရေကြောင်းကုန်သွယ်မှု အမြင့်မားဆုံးအဆင့်ကို ရောက်ခဲ့တာကို တွေ့နိုင်ပါတယ်။ သူတို့ဟာ ပင်လယ်ပြင်တွေတင်မကဘဲ ဥရောပမြစ်ကြီးတွေနဲ့ နိုင်းမြစ်ထဲမှာပါ သင်္ဘောတွေ လွှင့်ခဲ့ကြတာပါ။
ကုန်သွယ်သင်္ဘောတွေဟာ များသောအားဖြင့် ကောက်ပဲသီးနှံ၊ ဆီ၊ ဝိုင်တွေအပြင် သစ်နဲ့ စကျင်ကျောက်လို ဆောက်လုပ်ရေးပစ္စည်းတွေ သယ်ဆောင်ကြပါတယ်။ ဝိုင်၊ သံလွင်ဆီနဲ့ ငါးမုန့်လို ပစ္စည်းတွေကို ပုံစံအမျိုးမျိုးရှိတဲ့ ရွှံ့စေး “အမ်ဖိုရာ” အိုးကြီးတွေထဲ ထည့်လေ့ရှိပြီး အခု စစ္စလီမှာတွေ့ရတဲ့ အိုးတွေကတော့ ဆလင်ဒါပုံသဏ္ဌာန်ရှိတဲ့ Dressel 1A အမျိုးအစား အိုးတွေဖြစ်တယ်လို့ သိရပါတယ်။
အဲဒီရွှံ့စေးအိုးကြီးတွေကို ဒီနေ့ခေတ်အထိလည်း အီတလီနိုင်ငံ တပ်စကာနီ (Tuscany) ဒေသမှာ လက်မှုပညာအဖြစ် လုပ်ကိုင်နေကြဆဲဖြစ်ပြီး အီတလီဝိုင်တွေ ချက်လုပ်ရာမှာ အသုံးပြုနေကြတုန်းပါပဲ။
Ref: Fisherman Finds 2,000-Year-Old Roman Shipwreck Packed With Hundreds of Amphorae
NZ (ရိုးရာလေး)

