ကင်ဆာဆေးရုံ တက်သူတွေအတွက် ရပ်ရွာအခြေပြု မီးဖိုဆောင် ဖန်တီးပေးခဲ့တဲ့ တရုတ်ဇနီးမောင်နှံ

15.10.2024-yyl-1.jpg

တရုတ်နိုင်ငံ နန်ချန်းမြို့ ကင်ဆာဆေးရုံနားမှ လမ်းကြားလေးမှာတော့ ဆေးရုံတက်နေရသူတွေ၊ ဆေးရုံစောင့်ရသူတွေ ချက်ပြုတ်စားသောက်နိုင်ဖို့ ရပ်ရွာအခြေပြု မီးဖိုဆောင်တစ်ဆောင် ရှိပါတယ်။ ဒီမီးဖိုဆောင်ကို အကောင်အထည်ဖော် ဖွင့်လှစ်ခဲ့သူတွေကတော့ ဝမ်ကျိုးချန်နဲ့ ဟောင်ကျန်ရှင်းတို့ဇနီးမောင်နှံပါပဲ။

၁၉၉၃ ခုနှစ်မှာ ဝမ်နဲ့ဟောင်တို့ ဇနီးမောင်နှံက ကျန်းရှီကင်ဆာဆေးရုံဘေးမှာ စားသောက်ဆိုင် ဖွင့်ခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီအဆောက်အအုံ ဖြိုချဖျက်စီးခံရပြီးနောက်မှာတော့ မနက်စာဆိုင်လေး ဖွင့်ခဲ့ကြပါတယ်။

” ကျွန်တော်တို့ဆိုင်ကို လာစားတဲ့ လင်မယားနှစ်ယောက်ရှိတယ်။ ကလေးတစ်ယောက်လည်း ပါတယ်။ ကလေးက ဆိုင်မှာရောင်းတာတွေ မစားချင်ဘူး။ သူ့အမေချက်တာပဲ စားချင်တယ်လို့ ပူဆာနေတာ။ အဲဒါနဲ့ ကျွန်တော်တို့လည်း မီးဖိုချောင်မှာ ဝင်ချက်ခွင့်ပေးလိုက်တာ”လို့ ဝမ်က ဆိုပါတယ်။ ဒါဟာ ရပ်ရွာအခြေပြုမီးဖိုဆောင် ဖြစ်လာစေမယ့် လမ်းစပါပဲ။

ဝမ်နဲ့ ဟောင်တို့ ဇနီးမောင်နှံဟာ သူတို့ရဲ့မီးဖိုဆောင်မှာ ပစ္စည်းတွေ ထပ်မံထည့်သွင်းခဲ့ပြီး လိုအပ်သူတိုင်းကို မီးဖိုဆောင်အသုံးပြုခွင့် ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရေဖိုး၊ မီးဖိုးနဲ့ အထွေထွေကုန်ကျစရိတ် မြင့်တက်လာချိန်မှာတော့ စေတနာရှင်တွေက သူတို့အတွက် ရန်ပုံငွေ ထည့်ဝင်ပေးခဲ့ကြပါတယ်။ အခုချိန်မှာတော့ သူတို့ရဲ့မီးဖိုဆောင်ကို အသုံးပြုသူ ၁၀၀၀၀ နီးပါး ရှိနေပါပြီ။

” ကျွန်တော်တို့နဲ့ ဆေးရုံလာတက်တဲ့လူနာတွေက ခွဲမရတော့ပါဘူး။ လူနာတွေ မရှိရင်လည်း ကျွန်တော်တို့ အထီးကျန်ဆန်နေမှာပါ။ ကျွန်တော်တို့ မရှိရင်လည်း လူနာတွေ အခက်တွေ့မှာပါ။ ဆေးရုံ လာတက်ကြတာ ကင်ဆာဝေဒနာရှင်တွေဖြစ်လို့ မိသားစုတွေလည်း ခက်ခဲကြပ်တည်းကြပါတယ်။ သူတို့အတွက် ကျွန်တော်တို့ တတ်စွမ်းရှိသလောက်တော့ ကူညီပေးသွားဦးမှာပါ”လို့ ဝမ်က ပြောပါတယ်။

၂၀၁၉ ခုနှစ်မှာ ဒေသခံအာဏာပိုင်တွေက မီးဖိုဆောင်ကို ပြင်ဆင်မွမ်းမံဖို့ ရန်ပုံငွေ ပေးအပ်ခဲ့ပြီး ချက်ပြုတ်နိုင်မယ့်နေရာတွေ၊ လေသန့်စင်ရေးစနစ်တွေ တပ်ဆင်ပေးခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာတော့ သူတို့ဇနီးမောင်နှံဟာ ” တရုတ်နိုင်ငံကို တွန်းပို့ပေးနိုင်သူများ”အဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။

Ref: Chinese Couple Created ‘Cancer Kitchen’ in Their Alley to Let Family Members Cook for Loved Ones in Nearby Hospital
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top