မလေးရှားနိုင်ငံမှာဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုကြုံပြီး အနည်းဆုံး လူ ၁၄ ယောက် သေဆုံး

floods.jpg

မလေးရှားနိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့လို့ အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့ပြီး အိုးအိမ်စွန့်ခွာရသူ ၅၁၀၀၀ ကျော် ရှိနေပါတယ်။ ပြီးခဲ့တဲ့ အားလပ်ရက်က ၃ ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ပြည်နယ် ၈ ခုမှာ ရေဖုံးလွှမ်းခဲ့ပြီး မြို့၊ ရွာတွေ ရေဖုံးလွှမ်းခဲ့ပါတယ်။ ရေကြီးရေလျှံမှုကို တုံ့ပြန်လှုပ်ရှားရာမှာ နှောင့်နှေးခဲ့လို့ မလေးရှားအစိုးရအနေနဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရင်ဆိုင်နေရပါတယ်။

လူအများအပြား ပျောက်ဆုံးနေလို့ သေဆုံးသူဦးရေ မြင့်တက်လာမှာကို စိုးရိမ်နေရပါတယ်။ အိုးအိမ်စွန့်ခွာရသူ အများစုဟာ ရေကြီးရေလျှံမှုဒဏ် အဆိုးရွားဆုံး ခံစားရတဲ့ မလေးရှားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း ပါဟန်မြို့မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။

လူဦးရေထူထပ်ပြီး မြို့တော်ကွာလာလမ်ပူ တည်ရှိရာဖြစ်တဲ့ ဆီလန်ဂါပြည်နယ်လည်း ရေကြီးရေလျှံမှုဒဏ် ဆိုးဆိုးရွားရွား ကြုံခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ ကွာလာလမ်ပူမြို့လယ် နေရာတော်တော်များများ ရေဖုံးလွှမ်းခဲ့ပြီး ၁၉၇၁ ခုနှစ်နောက်ပိုင်း မကြုံဖူးတဲ့ ရေမြင့်တက်မှုပမာဏ ဖြစ်ခဲ့ပါတယ်။

ယာယီခိုလှုံရေးစခန်းတွေမှာ လူတွေစုပြုံနေထိုင်ရလို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ မြင့်တက်လာမလားဆိုတာ စောင့်ကြည့်နေရတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဆီလန်ဂါပြည်နယ်မှာ ရေကြီးရေလျှံမှု ကြုံနေရပေမဲ့ မလေးရှားနိုင်ငံရဲ့ အင်အားအကြီးဆုံး နိုင်ငံရေးပါတီ ၂ ခုကတော့ နှစ်စဉ်အစည်းအဝေးတွေ ကျင်းပခဲ့ပါတယ်။

ပြည်ထောင်စုအစိုးရရဲ့ တုံ့ပြန်လှုပ်ရှားမှုက တော်တော်ကရော်ကမည်နိုင်ပြီး အားနည်းခဲ့တယ်လို့ အတိုက်အခံလွှတ်တော်အမတ် ချားဆန်တီယာဂိုက ဝေဖန်ခဲ့ပါတယ်။ တွစ်တာလူမှုကွန်ရက်မှာလည်း ” လူသတ်သမား အစိုးရ” ဆိုတဲ့ စကားလုံးက ပျံ့နှံ့နေပါတယ်။

Ref: BBC “Malaysia: Death toll rises after massive floods”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top