အာကာသ စူးစမ်းရှာဖွေမှုတွေမှာ အဓွန့်ရှည်တည်တံ့ရေး ရည်ရွယ်ပြီး ဂျပန်သိပ္ပံပညာရှင်တွေ ဖန်တီးခဲ့တဲ့ ကမ္ဘာ့ပထမဆုံး သစ်သားဂြိုလ်တု(LignoSat)ကို SpaceX ဒုံးပျံယာဉ်နဲ့အတူ အာကာသထဲ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါပြီ။
နိုင်ငံတကာအာကာသစခန်းကို အထောက်အပံ့ပစ္စည်းတွေ ပေးပို့တဲ့ခရီးစဉ်မှာ သစ်သားဂြိုဟ်တုကို ထည့်သွင်းယူဆောင်သွားခဲ့တာဖြစ်ပြီး လာမယ့်လပိုင်းအတွင်း ကမ္ဘာ့ပတ်လမ်းထဲကို စေလွှတ်မှာပါ။ သစ်သားကိုယ်ထည်နဲ့ ဂြိုဟ်တုတည်ဆောက်တဲ့ စွန့်ဦးတီထွင် စီမံကိန်းကို တိုကျိုတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေနဲ့ ဆူမီတိုမိုသစ်တောရေးရာဌာနက ပူးပေါင်းဖန်တီးခဲ့တာပါ။ ဒါဟာ အာကာသနည်းပညာမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တီထွင်ဖန်တီးမှုအခန်းကဏ္ဍအတွက် မော်ကွန်းသစ်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။
LignoSat ဂြိုဟ်တုကို ဖန်တီးရတဲ့ ရည်ရွယ်ချက်ကတော့ သစ်သားဟာ အာကာသထဲမှာလည်း စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ကြောင်း သက်သေပြဖို့ပါပဲ။ သစ်သားဂြိုဟ်တုဟာ ပတ်လမ်းထဲမှာ ၆ လကြာ ကမ္ဘာကို ပတ်နေမှာဖြစ်ပြီး အာကာသထဲမှ ဆိုးရွားတဲ့ရာသီဥတုဒဏ်ကို ဂြိုလ်တုက ခံနိုင်ရည် ရှိ၊ မရှိနဲ့ တောင့်တင်းမှုအခြေအနေကို သုတေသီတွေက စောင့်ကြည့်မှာပါ။
ဂျပန်အာကာသစူးစမ်းရှာဖွေရေးအေဂျင်စီက အထူးဖန်တီးထားတဲ့ ပုံးခွံထဲမှာ ဂြိုဟ်တုကို ထည့်ထားတာဖြစ်ပြီး မကြာမီအချိန်အတွင်း နိုင်ငံတကာအာကာသစခန်းကို ဆိုက်ရောက်မယ်လို့ ဖော်ပြထားပါတယ်။
Ref: Groundbreaking Launch: World’s First Wooden Satellite Reaches Space
NZ ( ရိုးရာလေး)