သူငယ်ငယ်က သေးခံဖိုးလိုလို့ ဖခင်ဖြစ်သူ ရောင်းချခဲ့တဲ့ကားကို သားဖြစ်သူက ပြန်ဝယ်ပေးခဲ့

19.11.2024-yyl-1.jpg

အားဂိုင်းနက်စ်အတွက်တော့ ၁၉၆၇ မော်ဒယ် Chevrolet Camaro ကားဟာ သူ့ရဲ့ငယ်ဘဝနဲ့ အိပ်မက်တွေရဲ့ ပြယုဂ်တစ်ခုပါပဲ။ အသက် ၂၂ နှစ်အရွယ်မှာတော့ သားလေးနှစ်ယောက် မွေးလာပြီး အိမ်စားရိတ် ပိုကြီးလာချိန်မှာ ကလေးသေးခံဖိုးအတွက် သူ မြတ်နိုးတဲ့ Chevrolet Camaro ကားကို ရောင်းခဲ့ရပါတယ်။ နှစ်တွေကြာလာပေမဲ့ အားဂိုင်းနက်စ်က သူ မြတ်နိုးတဲ့ ဒီကားလေးကို မမေ့ခဲ့ပါဘူး။

” ကားအပြာလေးဗျ။ ရှေ့ဖုံးနဲ့ နောက်ဖုံးမှာ အဖြူရောင်အစင်းကြားတွေ ပါတယ်။ တံခါးနှစ်ပေါက်နဲ့။ ဂျာရတ်ကို ဒီကားအကြောင်း ပြောပြဖူးတယ်။ သေးခံဖိုးလိုလို့ ဒီကားကို ရောင်းခဲ့ရတဲ့အကြောင်းပေါ့”လို့ အားဂိုင်းနက်စ်က ဆိုပါတယ်။ ဂျာရတ်ကတော့ သူ့ဖခင်ပြောတာတွေကို မယုံခဲ့ပါဘူး။ ပုံပြင်တစ်ပုဒ်လို့ပဲ သဘောထားခဲ့တာပါ။

ဒါပေမဲ့ သူ့ဖခင်ဆီမှာ ၁၉၆၇ မော်ဒယ် Chevrolet Camaro ကားတစ်စီး ရှိခဲ့ဖူးတာ တကယ့်အဖြစ်မှန်း သိလိုက်ရတဲ့နောက် ဂျာရတ်က ဖခင်ကို အဲဒီကား ပြန်ဝယ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဂျာရတ် စီးပွားရေးကောင်းခဲ့ပြီး သူ့အဖေကို ၁၉၆၇ မော်ဒယ် Chevrolet Camaro ကား ပြန်ဝယ်ပေးဖို့ ရှာပုံတော် ဖွင့်ခဲ့ပါတယ်။ သူတို့မြို့နဲ့ မိုင် ၇၀ ဝေးတဲ့နေရာမှာ အဲဒီကားကို ပြန်တွေ့ခဲ့ပေမဲ့ ကားက အစအဆုံး ပြန်ဆင်မွမ်းမံရမယ့် အခြေအနေ ဖြစ်နေပါတယ်။

ဂျာရတ်က ဖခင်ကို ဖွင့်မပြောဘဲ ဒီကားကို နှစ်နှစ်ကြာ အချိန်ယူ ပြင်ဆင်မွမ်းမံခဲ့ပါတယ်။ ဖခင်ရဲ့ အသက် ၆၅ နှစ်ပြည့် မွေးနေ့မှာတော့ မျက်လှည့်ဆရာတစ်ဦးရဲ့ အကူအညီယူပြီး ဖခင်အတွက် အံ့အားသင့်စရာ ပြကွက်တစ်ခုကို ဖန်တီးပေးခဲ့တာပါ။ သူ ရောင်းခဲ့တဲ့ ၁၉၆၇ မော်ဒယ် Chevrolet Camaro ကားကို မမျှော်လင့်ဘဲ တွေ့လိုက်ရလို့ အားဂိုင်းနက်စ်လည်း အလွန်အံ့အားသင့်သွားခဲ့ပါတယ်။

” ကျွန်တော် အဖေ့ကို ဘယ်လောက်ချစ်လဲ၊ အဖေက ကျွန်တော့်အတွက် ဘယ်လောက်အထိ အဓိပ္ပာယ်ရှိသလဲဆိုတာ သိစေချင်တယ်။ အဖေက တကယ့်ကို ဖခင်ကောင်းတစ်ယောက်ပါ”လို့ ဂျာရတ်က ဆိုပါတယ်။

Ref: Son Surprises Dad With Car 41 Years After He Gave It Up For Diaper Money
NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top