ဂျပန်နိုင်ငံက အသက် ၃ နှစ်အရွယ် Golden Retriever အမျိုးအစားခွေးလေးဟာ အောက်တိုဘာ ၁၂ ရက်နေ့ ညနေပိုင်းကက မီတိုမြို့မှာ ပျောက်ဆုံးနေတဲ့အမျိုးသမီးကြီးကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့ပြီးနောက် ဟီးရိုးအဖြစ် ချီးကျူးဂုဏ်ပြုခံခဲ့ရပါတယ်။
အဲ့ဒီနေ့အစောပိုင်းက အသက် ၈၃ နှစ်အရွယ်အမျိုးသမီးကြီးရဲ့မိသားစုဟာ သူ ပျောက်ဆုံးနေတယ်လို့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တာပါ။ အိုမိုချီဆိုတဲ့ အဲ့ဒီခွေးလေးက ပျောက်နေတဲ့အမျိုးသမီးကြီးကို ရှာတွေ့သွားခဲ့တာပါ။
အိုမိုချီက သူ့ရဲ့သခင်ဖြစ်သူ အသက် ၃၀ အရွယ် ရီဆာ နာဂါယာမာနဲ့အတူ လမ်းလျှောက်နေခဲ့တဲ့အချိန် အိုမိုချီက လမ်းဘေးမှာ ထိုင်နေတဲ့ အသက်ကြီးပိုင်းအမျိုးသမီးကြီးဆီ တည့်တည့်မတ်မတ်သွားခဲ့တာပါ။ အဲ့ဒီအမျိုးသမီးကြီးနဲ့ပတ်သက်ပြီး အိုမိုချီက စိုးရိမ်ပူပန်နေပုံရပြီး ရဲတွေရောက်လာတဲ့အချိန်အထိ ဘေးမှာရှိနေပေးခဲ့တယ်လို့ ရီဆာရဲ့ပြောစကားအရ သိရပါတယ်။
အိုမိုချီက အမျိုးသမီးကြီး တစ်ခုခုဖြစ်နေတယ်ဆိုတာကို သတိပြုမိပုံရတယ်လို့ ရီဆာက ဆိုပါတယ်။ အခုလို ပျောက်ဆုံးနေတဲ့အမျိုးသမီးကြီးကို ရှာတွေ့ခဲ့တဲ့ အိုမိုချီနဲ့ ရီဆာတို့ကို မီတိုရဲတပ်ဖွဲ့က ဂုဏ်ပြုလွှာနဲ့ ခွေးစာတွေချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ခွေးစာတွေ လက်ခံရရှိခဲ့လို့ အိုမိုချီ စိတ်လှုပ်ရှားနေပုံရတယ်လို့လည်း ရီဆာက ဆိုထားပါတယ်။
Ref: Golden retriever in Japan awarded pet food after finding missing woman, 83
NZ (ရိုးရာလေး)