သရုပ်ဆောင်လောကထဲ ဝင်ရောက်ပြီး သူ့အိုင်ဒေါ “ဝီလ်စမစ်”နဲ့အတူ သရုပ်ဆောင်ချင်နေတဲ့ ခါဘီလာမဲ

4-7-2022-16.jpg

စက်ရုံအလုပ်သမားဘဝကနေ Follower အများဆုံး TikToker တစ်ယောက်ဖြစ်လာခဲ့တဲ့ ခါဘီလာမဲဟာ သရုပ်ဆောင်လောကထဲ ဝင်ရောက်ချင်နေပါတယ်။ အခု သူ့ရဲ့ရည်မှန်းချက်က ရုပ်ရှင်လောကမှာ နာမည်ရလာပြီး တစ်နေ့ ဝီလ်စမစ်နဲ့အတူ သရုပ်ဆောင်နိုင်ဖို့ပါပဲ။

မကြာသေးခင်က ခါဘီဟာ သူ့ရဲ့မန်နေဂျာနဲ့အတူ TMZ ဖျော်ဖြေရေးသတင်းဌာနကို အင်တာဗျူးဖြေကြားခဲ့ပါတယ်။ ကြိုက်နှစ်သက်ဆုံးအိုင်ဒေါက ဘယ်သူလဲလို့ ခါဘီကို မေးမြန်းတော့ “ဝီလ်စမစ်”ပါတဲ့။ အဲဒီနောက်မှာ သူ့ရဲ့မန်နေဂျာက ခါဘီ သရုပ်ဆောင်ဖြစ်ချင်တယ်ဆိုတဲ့အကြောင်းကို အခုလို ပြောပြခဲ့ပါတယ်။

“ခါဘီက သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်လာပြီ။ ဝီလ်စမစ်ရဲ့ The Fresh Prince of Bel-Air တီဗီရှိုးကို ကြည့်ခဲ့ပြီးတဲ့နောက်မှာ စမစ်လုပ်တဲ့အရာကို လုပ်ချင်လာခဲ့တယ်။ အဲဒါကြောင့် ဝီလ်စမစ်က အမြဲတမ်း သူ့ရဲ့အိုင်ဒေါဖြစ်ခဲ့ပြီး သူ့လို ဖြစ်ချင်လာခဲ့တယ်”

တီဗီရှိုးမှာ သရုပ်ဆောင်ချင််တာလား၊ ရုပ်ရှင်ကားမှာ သရုပ်ဆောင်ချင်တာလား မေးမြန်းတော့ သူ့ရဲ့မန်နေဂျာက “ခါဘီရဲ့ရည်မှန်းချက်က ရုပ်ရှင်ကားမှာ ပါဝင်ဖို့နဲ့ တစ်နေ့မှာ ဝီလ်စမစ်နဲ့အတူ သရုပ်ဆောင်နိုင်ဖို့ မျှော်လင့်နေတာပါ”လို့ ပြောပါတယ်။

ခါဘီလာမဲက ဝီလ်စမစ်ဆီ ပြောချင်တဲ့စကားတစ်ခုကို အင်တာဗျူးမှာ မျှဝေခဲ့ပါတယ်။ ခါဘီက ကင်မရာဘက်ကို လှည့်ပြီး “ဟေး…ဝီလ်..ကျွန်တော်ကို စောင့်ပါ။ မင်းနဲ့အတူ ရုပ်ရှင်တစ်ကားရိုက်ဖို့ ကျွန်တော် လာနေပြီ”လို့ ပြောခဲ့ပါတယ်။

Follower ၁၄၅.၄ သန်းနဲ့ နံပါတ် ၁ TikToker ဖြစ်တဲ့ ခါဘီက ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ဒီအက်မီလီယိုနဲ့ပတ်သက်ပြီး အင်တာဗျူးမှာ ပြောခဲ့ပါသေးတယ်။ ဒီအက်မီလီယိုကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ သိခဲ့ပြီး သူ့ရဲ့ဗီဒီယိုတွေကို ကြိုက်တယ်လို့ ဆိုပါတယ်။ ခါဘီနဲ့ ဒီအက်မီလီယိုတို့ LA မှာ မကြာခင် တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။

ဆီနီဂေါနိုင်ငံမှာ မွေးဖွားပြီး အီတလီမှာ ပြောင်းရွှေ့နေထိုင်ခဲ့တဲ့ ခါဘီလာမဲက TikToker မဖြစ်ခင် စက်ရုံတစ်ခုမှာ စက်ရုံအလုပ်သမားအဖြစ် လုပ်ကိုင်နေရင်း ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့တဲ့ အစောပိုင်းကာလမှာ အလုပ်လက်မဲ့ဖြစ်သွားခဲ့တာပါ။ အဲဒီနောက်မှာ TikTok အက်ပလီးကေးရှင်းကို အသုံးပြုခဲ့ပြီး သူ့အသံမပါဘဲ အမူအရာနဲ့ ရယ်မောပျော်ရွှင်စေတဲ့ ဟာသဗီဒီယိုတွေ ဖန်တီးဖြစ်ခဲ့ပါတယ်။

Ref: Ladbible “Khaby Lame Wants To Switch Over To Acting”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top