အမည်မဖော်လိုသူ အလှူရှင်တစ်ယောက်က အမေရိကန်ဒေါ်လာ ၃.၅ သန်း လှူဒါန်းပေးခဲ့တဲ့အတွက် ကလေးငယ်တွေအားလုံး အမေရိကန်နိုင်ငံ Milwaukee အနုပညာပြတိုက်ကို အခမဲ့ ဝင်ရောက်လေ့လာခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ ဘဝတစ်လျှောက်မှာ သူ့မိသားစုနဲ့အတူ Milwaukee အနုပညာပြတိုက်ကို လာရောက်လည်ပတ်ခဲ့တဲ့ ကြည်နူးစရာ အမှတ်တရတွေကို အခြားမိသားစုတွေလည်း ခံစားခွင့်ရစေဖို့ ရည်ရွယ်ပြီး အခုလို လှူဒါန်းခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အလှူရှင်ကိုယ်စား Milwaukee အနုပညာပြတိုက်က ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
” အနုပညာရဲ့စွမ်းအားက လူ့အဖွဲ့အစည်းကို ပိုမိုခိုင်မာအားကောင်းစေမယ်လို့ ယုံကြည်ထားတဲ့ အလှူရှင်ရဲ့ သဒ္ဓါတရားထက်သန်မှုကြောင့် ကလေးငယ်တွေအနေနဲ့ ကျွန်တော်တို့ ပြတိုက်ကို အခမဲ့ လာရောက်လေ့လာခွင့်၊ အစီအစဉ်တွေမှာ အခမဲ့ ပူးပေါင်းပါဝင်ခွင့် ရရှိတော့မှာပါ”လို့ Milwaukee အနုပညာပြတိုက်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရာရှိချုပ် အန်ဒရီအလိုင်ရီက ဆိုပါတယ်။
အသက် ၁၂ နှစ်အောက် ကလေးငယ်တွေဟာ ပြတိုက်ကို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ရုံသာမက ကလေးငယ်တွေနဲ့ မိသားစုဆိုင်ရာ အစီအစဉ်တွေမှာပါ ပါဝင်ခွင့် ရရှိမှာပါ။
Ref: Anonymous $3.5 Million Gift to Milwaukee Art Museum Provides Free Admission for Children
NZ ( ရိုးရာလေး)