ဆေးကျောင်းသား/သူတွေအားလုံးကို ကျောင်းလခစရိတ် ထောက်ပံ့ပေးမယ့် နယူးရောခ့်တက္ကသိုလ်

participants-at-nyu-school-of-medicine-white-coat-ceremony_0.jpg

နယူးယောခ့်တက္ကသိုလ် NYU (New York University) မှာ ယခုလက်တလော ပညာသင်ကြားနေဆဲနဲ့ နောက်ထပ် ပညာသင်ကြားကြမယ့် ဆေး ကျောင်းသား/သူတွေအားလုံးကို တက္ကသိုလ်က ကျောင်းလခစရိတ် အခမဲ့ ပညာသင်ဆု ထောက်ပံ့ပေးသွားမယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ပြန်ထားပါတယ်။

ဆေးပညာရပ်ကို တက်ရောက်နေကြတဲ့ ကျောင်းသား/သူတိုင်းက အရည်အချင်း ပြည့်မီမှုရှိကြပေမဲ့လို့ ငွေရေးကြေးရေးပိုင်းမှာတော့ လိုအပ်ချက်တချို့ ရှိနေကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့လို့ တက္ကသိုလ်ဘက်ကနေ တစ်နှစ်စာ ကျောင်းလခစရိတ် အမေရိကန်ဒေါ်လာ (၅၅,၀၁၈) ကို ပညာသင်ဆုအနေနဲ့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ယခုလက်ရှိမှာ သင်တန်းသူ/သား (၄၄၂) ယောက် စာရင်းသွင်းထားပြီး ၎င်းတို့ထဲက (၁၀၂) ယောက်ကတော့ ယခုဆောင်းဦးပိုင်းမှာမှ စပြီး အသစ်တက်ရောက်ကြမယ့် ကျောင်းသားတွေလို့ ဆိုပါတယ်။ ဆေးလောကထဲ စတင်ဝင်ရောက်မယ့် ကျောင်းသားတွေအတွက် ပြုလုပ်ပေးတဲ့ (white coat ceremony) ပွဲမှာ အဆိုပါ ပညာသင်ဆုကို ပေးအပ်သွားဖို့ အစီအစဉ်ရှိတယ်လို့လည်း ဆိုပါတယ်။

“ကျောင်းစရိတ်ကို တတ်နိုင်သလောက်လေး ထားပေးထားခြင်းဟာ အရည်အချင်းရှိတဲ့ ဆရာဝန်တွေ လျော့ပါးမသွားအောင်လည်း ကူညီပေးနိုင်ပါတယ်” လို့ တက္ကသိုလ်ဌာနမှူး ရာဖေးလ် ရီဗယ်ရာ (Rafael Rivera) က ဆိုပါတယ်။

စစ်တမ်းတွေအရ (၂၀၁၇) နှစ်တုန်းက ဘွဲ့ရခဲ့ကြတဲ့ တစ်နိုင်ငံလုံးက ဆေးကျောင်းသူ/သား (၇၅%) လောက်ဟာ ကြွေးမြီမကင်းကြပါဘူး။ Association of American Medical Colleges က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ပျှမ်းမျှအားဖြင့် ၎င်းတို့ဟာ အမေရိကန်ဒေါ်လာ (၁၉၁,၀၀၀) လောက် အကြွေးတင်နေကြတာ ဖြစ်ပါတယ်။

“အကြွေးတွေများလာတော့ ကျောင်းသားတွေက ကြောက်ရွံ့ပြီး ကျောင်းဆက်မတက်ချင်ကြတော့ဘူး။ သူတို့တွေထဲက တစ်ယောက်ယောက်ကများ ကင်ဆာရောဂါ ပျောက်စေတဲ့ ဆေးနည်းကို ရှာဖွေတွေ့သွားနိုင်မလားဆိုတာ မပြောနိုင်ဘူးလေ။ ကျွန်တော်တို့အတွက်ကတော့ အတော်ဆုံး ကျောင်းသား/သူတွေကို ထိန်းသိမ်းထားနိုင်ဖို့လိုပြီး လူ့အဖွဲ့အစည်းကလည်း အကောင်းဆုံးတွေကိုသာ ထိုက်တန်ပါတယ်” လို့ ရီဗယ်ရာက ဆိုခဲ့ပါတယ်။

“အကြွေးတွေကြောင့် တခြား ကျောင်းစရိတ်သက်သာတဲ့ မေဂျာတွေကို ရွေးလိုက်ရတာမျိုးမဟုတ်ဘဲ သူတို့ တကယ်စိတ်အားထက်သန်နေတဲ့ လိုင်းမျိုးကိုပဲ ရွေးချယ်စေချင်ပါတယ်”

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းသား၊ ကျောင်းသူတွေအားလုံးကို တတ်နိုင်သလောက် ကြွေးမြီကင်းကင်းနဲ့ ဘွဲ့ရသွားစေချင်ပါတယ်” လို့ NYU Langone Health ဌာနရဲ့ အမှုဆောင်အရာရှိချုပ် ရောဘတ် ဂရောစ့်မန်း (Robert Grossman) က ဆိုပါတယ်။

ကျောင်းသားတွေဘက်ကလည်း အခန်းခ၊ ဘော်ဒါဆောင်ခနဲ့ အခြားသော နေစရိတ်၊ စားစရိတ်တွေအားလုံးကို ကာမိဖို့ လိုပါသေးတယ်။ နယူးယောခ့်တက္ကသိုလ် ဆေးကျောင်းသားဆိုရင်တော့ ပုံမှန် (၄) နှစ် သာမန်ဆေးဘက်ဆိုင်ရာဘွဲ့ ကို ပဲတက်မလား ဒါမှမဟုတ် (၃) နှစ်ထဲ တက်ရမယ့် accelerated three-year degree ကိုပဲ တက်မလားဆိုပြီး နှစ်မျိုး ရွေးချယ်ခွင့် ရှိပါတယ်လို့ ပြောကြားသွားပါတယ်။

Ref: CNN “NYU makes tuition-free for all medical students”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top