အာကာသမှာ ဘေလ်ဘုတ်ကြော်ငြာပြသနိုင်မယ့် ဂြိုဟ်တုလွှင့်တင်ဖို့ စီစဉ်နေတဲ့ SpaceX

6-8-2021-yyl10.jpg

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဉီးလည်းဖြစ်တဲ့၊ SpaceX တည်ထောင်သူလည်းဖြစ်တဲ့ အီလွန် မာ့စ် (Elon Musk) ဟာ အာကာသထဲ ဒီဂျစ်တယ်ကြော်ငြာဆိုင်းဘုတ်ထောင်နိုင်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းထွက်ရှိလာခဲ့ပါတယ်။ အီလွန်မာ့စ်က ကနေဒါလူမျိုးတွေနဲ့ ကနဉီးတည်ထောင်ထားတဲ့နည်းပညာကုမ္ပဏီ Geometric Energy Corporation (GEC) နဲ့ လက်တွဲလုပ်ကိုင်နေတယ်လို့လည်း ဆိုပါတယ်။

သတင်းထွက်ရှိချက်တွေအရ GEC က နောက်နှစ် ကမ္ဘာ့ပတ်လမ်းကြောင်းပေါ် လွှင့်တင်သွားမယ့် CubeSat လို့ခေါ်တဲ့ ဂြိုလ်တုအကြီးတစ်ခုကို တည်ဆောက်နေတယ်လို့ သိရပါတယ်။ ကမ္ဘာ့ပတ်လမ်းကြောင်းထဲ ဂြိုလ်တုရောက်သွားတာနဲ့ဂြိုလ်တုရဲ့ဘေးဖက်မှာ တွဲချိတ်ထားတဲ့ Selfie Stick တစ်ခုက ပြသနေတဲ့ဘယ်အရာကိုမဆို ရိုက်ကူးသွားမှာဖြစ်တယ်။ အဲဒီနောက် ကမ္ဘာမြေပေါ်က လူတွေ ပြန်ကြည့်ရှုနိုင်ဖို့ ရိုက်ကူးထားတာတွေကို YouTube နဲ့ တွစ်တာတွေ မှာ Livestream လုပ်သွားမှာဖြစ်တယ်လို့ GEC ရဲ့တွဲဖက်တည်ထောင်သူနဲ့စီအီးအို ဆမ်မြူရယ် ရိုင်တ် (Samuel Reid) က Business Insider ကို ပြောကြားထားပါတယ်။ဆမ်မြူရယ်ဟာ ကယ်လီဖိုးနီးယားပြည်နယ်က သူ့ရဲ့ Ad Astra School မှာ အီလွန်မာ့စ်ရဲ့ကလေးတချို့ကို နည်းပညာအကြောင်း သင်ကြားပေးခဲ့သူလည်းဖြစ်ပါတယ်။

အကုန်လုံးပြီးမြောက်သွားတဲ့အခါ တိုကင်ကနေတဆင့် အာကာသထဲ ကြော်ငြာခြင်းကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ “အာကာသထဲ ပိုပြီးဝင်ရောက်နိုင်မယ့် အရာတစ်ခုခုကို ရရှိဖို့ ကျွန်တော်ကြိုးစားနေတာပါ။ လူတွေက မသင့်လျော်တဲ့အရာတွေပေါ်မှာ ပိုက်ဆံမဖြုန်းကြဘူး။ သူတို့ရဲ့လိုဂိုတွေကို အနုပညာဆန်ဆန်ပြသချင်တဲ့ ကုမ္ပဏီတွေရှိနိုင်ပါတယ်။ ကိုကာကိုလာနဲ့ပက်ဆီတို့ဆို သူတို့လိုဂိုနဲ့ပတ်သက်ပြီး အချင်းချင်းပြိုင်ဆိုင်သွားမှာပါပဲ။ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” လို့ ဆမ်မြူရယ်က ပြောပါတယ်။

အာကာသထဲ ကြော်ငြာဆိုင်းဘုတ်ထောင်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး SpaceX ဘက်က ပြောကြားလာခြင်းမရှိသေးပါဘူး။ လက်ရှိမှာတော့ အီလွန်မာ့စ်နဲ့ သူ့အဖွဲ့သားတွေက ကမ္ဘာမြေပေါ်ကို အာကာသယာဉ် ဘေးကင်းစွာနဲ့ ပြန်ဆင်းသက်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပျံသန်းနိုင်မှုကို စစ်ဆေးဖို့အတွက် အာကာသယာဉ်ကို ကမ္ဘာ့ပတ်လမ်းကြောင်းပေါ် လွှင့်တင်ဖို့ ပြင်ဆင်နေကြပါတယ်။

Ref: Ladbible “SpaceX To Launch Satellite To Display Billboard Adverts In Space”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top