တန်ဇန်းနီးယားနိုင်ငံမှာ မာဘာ့ဂ်ဗိုင်းရပ်စ်(Marburg) ကူးစက်ပျံ့နှံ့မှုလို့ ယူဆရတဲ့ အခြေအနေကြောင့် လူရှစ်ဦး သေဆုံးခဲ့ပြီး တန်ဇန်းနီးယားနိုင်ငံအပြင် အိမ်နီးချင်းနိုင်ငံတွေအတွက်ပါ စိုးရိမ်စရာအခြေအနေ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၁၁ ရက်အထိ မှတ်တမ်းတွေအရ တန်ဇန်းနီးယားနိုင်ငံမြောက်ပိုင်း ကာဂျီရာဒေသရဲ့ ခရိုင်နှစ်ခုမှာ အီဘိုလာနဲ့အသွင်သဏ္ဍာန်တူတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉ ဦးရှိခဲ့ပြီး သေဆုံးသူ ၈ ဦး ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ဆိုပါတယ်။
ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့နိုင်ခြေ နည်းပါးပေမဲ့ တန်ဇန်းနီးယားနဲ့ ဒေသတွင်းနိုင်ငံတွေကို ကူးစက်ပြန့်ပွားနိုင်ခြေ မြင့်မားတယ်လို့ သတ်မှတ်ထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ ဖျားနာ၊ ခေါင်းကိုက်၊ ကျောအောင့်၊ အော့အန်၊ ဝမ်းပျက်၊ နုံးခွေ အစရှိတဲ့ ရောဂါလက္ခဏာတွေ ခံစားရလေ့ရှိပြီး ကြာလာရင်တော့ ဒွာရပေါက်တွေကနေ သွေးထွက်တာမျိုး ကြုံရလေ့ရှိပါတယ်။
ဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ သေဆုံးနိုင်ခြေ ၈၉ % ရာခိုင်နှုန်းအထိရှိပြီး ကူးစက်ခံရသူတွေထဲမှာ ကျန်းမာရေးဝန်ထမ်းတွေလည်း ပါဝင်တာကြောင့် ဆေးရုံတွေထဲမှာ ကူးစက်မှု ဖြစ်ပွားနေတဲ့ အလားအလာရှိနေပါတယ်။
ရောဂါကူးစက်ခံရသူရဲ့ ခန္ဓာကိုယ်မှထွက်တဲ့ အရည် (သို့မဟုတ်) အရည် ကျထားတဲ့ မျက်နှာပြင်နဲ့ ထိတွေ့ရင် မာဘာ့ဂ်ဗိုင်းရပ်စ်(Marburg) ကူးစက်ခံရနိုင်တယ်လို့ ဆိုပါတယ်။ မာဘာ့ဂ်ဗိုင်းရပ်စ်(Marburg) စတင်ပေါက်ဖွားတဲ့ရင်းမြစ်ကို တိတိကျကျ မသိရသေးပါဘူး၊ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတုန်းပါ။
Ref: Suspected outbreak of deadly Marburg virus disease kills eight in Tanzania
NZ ( ရိုးရာလေး)