မြောက်ကိုရီးယားကနေ ထွက်ပြေးလွတ်မြောက်လာသူ ၂ ဦး ပါဝင်တဲ့ ကေပေါ့ပ်အဖွဲ့သစ်

kpop.jpg

မြောက်ကိုရီးယားကနေ ထွက်ပြေးလွတ်မြောက်လာသူ ၂ ဦးပါဝင်တဲ့ ကေပေါ့ပ်အမျိုးသားအဆိုအဖွဲ့သစ်ဟာ ဇူလိုင် ၁၈ ရက်နေ့မှာ ကမ္ဘာ့အဖိနှိပ်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံကနေ လွတ်မြောက်လာရခြင်းရဲ့အကျိုးဆက်အကြောင်း သီချင်းတစ်ပုဒ်အပါအဝင် သီချင်းအယ်လ်ဘမ်တစ်ခုနဲ့ ပွဲဦးထွက်ခဲ့ပါတယ်။

Universe လို့ အသံထွက်ရတဲ့ 1VERSE အဖွဲ့ကို မြောက်ကိုရီးယား၊ ဂျပန်၊ အမေရိကန်က အသက် ၂၀ အရွယ် ဟော့ခ်၊ ဆိုးခ်၊ အိုင်တို၊ နသန်၊ ကန်နီဆိုတဲ့ ကောင်လေး ၅ ယောက်နဲ့ ဖွဲ့စည်းထားပါတယ်။

ယူဟော့ခ်ဟာ အစက မြောက်ကိုရီးယားနိုင်ငံ၊ Kyongsong မြို့က ဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတည်းက တောင်ကိုရီးယားမှာ‌ နေထိုင်နေခဲ့တာပါ။ သူ့ရဲ့အရည်အချင်းတွေကို ကမ္ဘာကြီးဆီ လွတ်လွတ်လပ်လပ်ထုတ်ပြခွင့်ရတာကို ပျော်ရွှင်နေသလို တစ်နေ့ကို ထမင်း ၃ နပ် စားခွင့်ရနေတာကိုလည်း သဘောကျနှစ်ခြိုက်နေမိတာပါ။

ဟော့ခ်ဟာ မြောက်ကိုရီးယားမှာတုန်းက အသက် ၉ နှစ်အရွယ်မှာ အလုပ်စလုပ်ခဲ့ရပြီး ထမင်းစားဖို့တောင်အနိုင်နိုင်၊ ခိုးယူစားသောက်ခဲ့ရတယ်။ ထမင်းအသိုးတွေလည်း စားခဲ့ရတယ်။ ခိုးလို့မိရင် သွေးထွက်တဲ့အထိ အရိုက်ခံရတယ်။ သူဟာ ဆာလောင်နေခဲ့ရပြီး ရှင်သန်ဖို့အရေးပဲ တွေးနေမိခဲ့တယ်။ နောက်တော့ ဟော့ခ်က မြောက်ကိုရီးယားကနေ တရုတ်ကို ထွက်ပြေးခဲ့ပါတယ်။ အဲ့ဒီနောက် တောင်ကိုရီးယားမှာ ရှိနေပြီးသားဖြစ်တဲ့ သူ့အမေ စီစဉ်ပေးတဲ့ ပွဲစားအကူအညီနဲ့ အခြားနိုင်ငံတကာနယ်စပ်တွေဖြတ်ကျော်သွားခဲ့ပါတယ်။ အခု သူ တောင်ကိုရီးယားမှာ ဘဝအသစ်နဲ့ ပျော်ရွှင်နေပါပြီ။ Shattered ဆိုတဲ့ သီချင်းက မြောက်ကိုရီးယားမှာ သူ့အဖေ သေဆုံးသွားပြီဆိုတာ ကြားသိလိုက်ရတဲ့အချိန် သူ့ရဲ့ခံစားချက်အကြောင်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားကနေ ထွက်ပြေးလာခဲ့တဲ့ နောက်ထပ်အဖွဲ့ဝင်ကတော့ အသက် ၂၅ နှစ်အရွယ်ကင်ဆိုးခ်ပါ။ အသက် ၂၀ အရွယ်မှာ သူ့အဖေ၊ အဘွားတို့နဲ့အတူ မြောက်ကိုရီးယားကနေ ထွက်ပြေးလွတ်မြောက်ခဲ့သူပါ။ အစက တရုတ်အနီးနားက နယ်စပ်မြို့လေးမှာ နေထိုင်နေခဲ့တာပါ။ Media Player တစ်ခုပေါ်မှာ Music Video တွေ မျှဝေပေးတဲ့ သူငယ်ချင်းတစ်ယောက်ကြောင့် ကေပေါ့ပ်နဲ့ ထိတွေ့ခွင့်ရခဲ့ပြီး အခုလို ကေပေါ့ပ်တစ်ယောက်ဖြစ်ခဲ့တာပါ။

1VERSEအဖွဲ့ဝင်က နောက်ခံအမျိုးမျိုးကနေ လာကြတာဖြစ်ပေမဲ့ အဖွဲ့ဝင်တွေအချင်းချင်း တူညီတာတွေများတယ်လို့ သိရပါတယ်။

Ref: North Korean defectors make debut in new K-pop boy band

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top