အိမ်ရာမဲ့အမျိုးသားကို သူတို့စားပြီးသားကြက်ရိုးတွေ ကျွေးတဲ့ ဗီဒီယိုကြောင့် မလေးရှားအစိုးရရဲ့စုံစမ်းစစ်ဆေးမှုခံနေရတဲ့ လူငယ် Influencer ၃ဦး

bone.png

မလေးရှားလူမျိုး Influencer ၃ ဦးဟာ အိမ်ရာမဲ့အမျိုးသားတစ်ဦးကို သူတို့စားပြီးသား ကြက်ရိုးတွေကို ကျွေးခဲ့တဲ့ ဗီဒီယိုတစ်ခု ပျံ့နှံ့သွားပြီးတဲ့နောက်မှာ မလေးရှားဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာကော်မရှင် (MCMC) ရဲ့ စုံစမ်းစစ်ဆေးမှုခံနေရပါတယ်။

ကောင်းမှုကုသိုလ်လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြုမူလိုက်တဲ့ ဒီလုပ်ရက်က လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး လူမဆန်တဲ့လုပ်ရက်ဖြစ်တယ်ဆိုပြီး ဝေဖန်ပြောဆိုမှုတွေရှိခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုကို Influencer ၃ဦးထဲက တစ်ဦးက Douyin မှာ တင်ခဲ့တာပါ။ အခုတော့ သူ့ရဲ့လူမှုကွန်ယက်အကောင့်တွေကနေ ဗီဒီယိုကို ဖယ်ရှားလိုက်ပေမဲ့ အခြားလူမှုကွန်ယက်အသုံးပြုသူတွေက ကူးယူကာ ပြန်တင်ခဲ့ကြပါတယ်။

အဲ့ဒီ Influencer က “ဒီနေ့ ကျွန်တော်တို့ ကောင်းမှုကုသိုလ်လုပ်တော့မှာပါ” လို့ ဗီဒီယိုမှာ ပြောထားပါတယ်။ Influencer ၃ ဦးက KFC ကြက်ကြော်တွေကို စားခဲ့ကြတာပါ။ အရိုးတွေကို စွန့်ပစ်ရမှာအလဟဿဖြစ်တယ်လို့ ဗီဒီယိုမှာ ပြောထားတာတွေ့ရပါတယ်။ အဲ့ဒီနောက် ကြက်ရိုးတွေကို စက္ကူနဲ့ထုတ်ပိုးထားတဲ့ ထမင်းထဲထည့်လိုက်ပြီးတော့ လိုအပ်နေတဲ့ တစ်စုံတစ်ယောက်ကို လှူတော့မှာပါလို့လည်း ဆိုထားပါတယ်။

အဲ့ဒီ ၃ ဦးက လဲလျောင်းနေတဲ့ အိမ်ရာမဲ့အမျိုးသားဆီသွားပြီး အဲ့ဒီထမင်းထုပ်ကို ပေးလိုက်ပါတယ်။ အိမ်ရာမဲ့အမျိုးသားလည်း အထုပ်ကို ဖွင့်ကြည့်ပြီး အရိုးတွေမြင်တော့စိတ်ရှုပ်သွားပုံရပါတယ်။ မစားဘဲနေခဲ့ပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေက အဲ့ဒီအပြုအမူကို မြင်တဲ့အချိန် Influencer တစ်ယောက်မဖြစ်ခင် လူသားဆန်အောင်နေတတ်ဖို့ သင်ယူသင့်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဝေဖန်ပြောဆိုမှုတွေများလာပြီးတဲ့နောက် အကောင့်ပိုင်ရှင်က အင်စတာဂရမ်မှာ သီးခြားဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။ ဒီအပြုအမူက ဇာတ်လမ်းဆင်ထားတာဖြစ်တယ်လို့ ဖြေရှင်းလာခဲ့ပါတယ်။ အိမ်ရာမဲ့အမျိုးသားကို ကြက်ရိုးတွေ မပေးခဲ့ပါဘူး။ ထမင်းနဲ့ ကြက်ကြော်အကောင်းတွေပဲပေးခဲ့တယ်ဆိုတဲ့ ဗီဒီယိုကို တင်ပြခဲ့ပါတယ်။ လူ့အဖွဲ့အစည်းကို ပြန်ပေးဆပ်ဖို့ ပိုကောင်းတဲ့အခွင့်အရေးပေးပါဆိုပြီး တောင်းပန်လာခဲ့ပါတယ်။

Influencer တွေ တောင်းပန်လာခဲ့ပေမဲ့ လူမှုကွန်ယက်အသုံးပြုသူတွေက အဲ့ဒီလိုဗီဒီယိုရိုက်တာက အကြောင်းအရာကောင်းလို့ ထင်ရတာလဲ….အဓိကအချက်က အိမ်ရာမဲ့ကို ကြက်ကြော်ပေးလားမပေးလားမဟုတ်ဘူး။ အိမ်ရာမဲ့ကို ကြက်ရိုးပေးမယ်ဆိုတဲ့ Idea ကို စဉ်းစားခဲ့တာက ပြဿနာ…တကယ်ပြဿနာက ဘာလဲဆိုတာတောင် နားမလည်ဘူးလို့ ဆိုခဲ့ကြပါတယ်။

အဲ့ဒီကိစ္စက MCMC ဆီ ရောက်သွားခဲ့ပြီး လူထုရဲ့တိုင်ကြားချက်တွေပေါ် အခြေခံပြီး သူတို့ စုံစမ်းစစ်ဆေးမှုကို စတင်နေပါပြီလို့ ဩဂုတ် ၅ ရက်နေ့က ကြေညာခဲ့ပါတယ်။ Influencer ၃ဦးက မသတီစရာအကြောင်းအရာကို ဖန်တီးဖို့ ကွန်ရက်ပံ့ပိုးမှု (သို့) ကွန်ရက်ဝန်ဆောင်မှုကို မလျော်ကန်စွာ အသုံးပြုခြင်း ဆက်သွယ်ရေးနှင့် မာလ်တီဗီဒီယာအက်ဥပေဒေ ၁၉၉၈ ရဲ့ ပုဒ်မ ၂၃၃ အရ ပြစ်မှုကျူးလွန်ခြင်းဖြစ်နိုင်တယ်လို့ MCMC က ဆိုထားပါတယ်။ အပြစ်ရှိကြောင်း တွေ့ရှိမယ်ဆိုရင် Influencer ၃ ဦးက ဒဏ်ငွေ ရင်းဂစ် ၅၀၀၀၀၀ (စင်ကာပူဒေါ်လာ ၁၅၁၆၂၂)၊အများဆုံးထောင်ဒဏ် ၂ နှစ် (သို့) ဒဏ် ၂ ရပ်လုံးချမှတ်ခံရနိုင်ပါတယ်။

Ref: M’sia influencers eat KFC chicken, offer bones to homeless man as a ‘kind deed

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top