၆ နှစ်တာ အလေ့အကျင့်ကြောင့် ဖြစ်ပေါ်လာတဲ့ ၂ ကီလိုဂရမ်ဆံပင်မွေးလုံးကြီးကို ဆယ်ကျော်သက်မိန်းကလေးရဲ့အစာအိမ်ကနေ ဖယ်ရှားခဲ့ရ

hair1.png

တရုတ်နိုင်ငံက ဆရာဝန်တွေဟာ ဆယ်ကျော်သက်ကောင်မလေးတစ်ဦးရဲ့အစာအိမ်ထဲကနေ ၂ ကီလိုဂရမ်ရှိတဲ့ ဆံပင်မွေးလုံးကြီးကို ဖယ်ရှားခဲ့ရပါတယ်။ အဲ့ဒီကောင်မလေးက သူ့ရဲ့ဆံပင်မွေးကို ဆွဲယူပြီး စားတတ်တဲ့ ၆ နှစ်တာ အလေ့အကျင့်ကြောင့် အခုလိုဖြစ်လာခဲ့ရတာပါ။ 

ဇူလိုင်လက ဟဲနန်ပြည်နယ်ရှိ အသက် ၁၅ နှစ်အရွယ် နီနီ (နာမည်ပြောင်) ဟာ သူ့မိခင်နဲ့အတူ Wuhan Children’s Hospital ကို ရောက်လာခဲ့ပါတယ်။ ကောင်မလေးက အတော်လေးပိန်နေပြီး အရပ်က ၁.၆ မီတာရှိပါတယ်။ ရာသီမလာတာ ၆ လရှိပြီလို့လည်း Hubei Daily သတင်းဌာနကဖော်ပြထားပါတယ်။ 

အစားစားလို့မရအောင် ဗိုက်အရမ်းနာပြီး လူက ပြိုလဲလုနီးပါးဖြစ်နေတဲ့ အခြေအနေကြောင့် မိခင်ဖြစ်သူက ဆေးရုံခေါ်လာခဲ့တာပါ။ ကောင်မလေးက သွေးအားနည်းရောဂါရှိနေတာကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ 


နီနီက သူ့ဆံပင်ကို စားနေတာ ၆ နှစ်ရှိပြီလို့ သူ့မိခင်က ဆရာဝန်တွေကို ပြောပါတယ်။ သူ့ရဲ့အစာအိမ်တစ်ခုလုံးနီးပါးမှာ နေရာယူထားတဲ့ ဆံပင်မွေးလုံးကြီးကို ဆရာဝန်တွေ တွေ့ရှိခဲ့ရပါတယ်။ ဒါက နီနီရဲ့ရောဂါဆက်တိုက်ဖြစ်ပွားရခြင်းရဲ့အကြောင်းအရင်းဆိုတာကို ဆရာဝန်တွေ ကောက်ချက်ချမိခဲ့ပါတယ်။ 

ဇူလိုင် ၁၄ ရက်နေ့က နီနီဟာ ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ခွဲစိတ်မှုအတွင်း ဆရာဝန်တွေဟာ သူ့ရဲ့အစာအိမ်က သာမန်အရွယ်အစားထက် ၂ ဆလောက် ရောင်ရမ်းနေတာကို တွေ့ရှိခဲ့ရပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီး ၅ ရက်အကြာမှာ နီနီ အစားပြန်စားလာပါပြီ။ 

ဆေးရုံက ဆင်းပြီး ဩဂုတ်လ ၅ ရက်နေ့မှာ ဆေးရုံကို ပြန်လာပြတဲ့အချိန် တော်တော်လေးသက်သာသွားခဲ့ပါပြီ။ ဆရာဝန်တွေကို ကျေးဇူးတင်တဲ့အနေနဲ့ ချိုချဉ်တွေနဲ့ပြုလုပ်ထားတဲ့ ပန်းစည်းကို ယူဆောင်လာခဲ့ပါတယ်။ နီနီဟာ ကိုယ်အလေးချိန်တက်လာပြီလို့လည်း မိခင်ဖြစ်သူက ဆရာဝန်တွေကို ပြောပါတယ်။

Ref: China doctors remove 2kg hairball from girl’s stomach – condition caused by 6-year habit

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top