အွန်လိုင်းပေါ်မှာပျံနှံ့နေခဲ့တဲ့ ကျောင်းသားတစ်ယောက် ဆိုးဆိုးရွားရွားအနိုင်ကျင့်ခံခဲ့ရတဲ့ဗီဒီယိုဖိုင်

14023152-0-image-a-37_1558978831429.jpg

ရွယ်တူအချင်းချင်းအနိုင်ကျင့်တာ၊ တစ်ပါးသူရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေကို ကဲ့ရဲ့လှောင်ပြောင်တာအပြင် အားရှိသူက အားနည်းသူကို နိုင်ထက်စီးနင်းပြုလုပ်တာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကျောင်းတော်တော်များများက ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေက အနိုင်ကျင့်တယ်ဆိုရင်တော့ ထည့်ပြောစရာတောင် မလိုတော့ဘူးထင်ပါတယ်။

အသက် (၁၆) နှစ်ဝန်းကျင် တရုတ်ကျောင်းသားလေးတစ်ယောက် အတန်းရှေ့မှာ အနိုင်ကျင့်ခံနေရတယ်လို့ ယူဆရတဲ့ဗီဒီယိုတစ်ခုဟာ မကြာသေးခင်ရက်ပိုင်းက အွန်လိုင်းပေါ်မှာပျံ့နှံ့လာခဲ့ပါတယ်။ အဲဒီဗီဒီယိုဟာ တရုတ်ပြည်၊ ဟီနမ် (Henan) စီရင်စု၊ ရှန်ကျူး (Shangqiu) မြို့အတွင်းမှာတည်ရှိတဲ့ အလယ်တန်းကျောင်းတစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အခုဆိုရင် ကြည့်ရှူသူပေါင်း (၈) သန်းကျာ်ရှိနေပြီဖြစ်ပါတယ်။

ဗီဒီယိုထဲမှ အဲဒီကျောင်းသားလေးဟာ သူ့ရဲ့ကိုယ်ပိုင်ဖုန်းကို သူကိုယ်တိုင် ကြမ်းပြင်မှာချပြီး သော့အိမ်နဲ့ ထုရိုက်ဖျက်ဆီးနေတာကိုတွေ့ရပါတယ်။ တစ်ချက်၊ နှစ်ချက်ထုပြီး ကျောင်းသားလေးထရပ်လိုက်တဲ့အချိန်မှာတော့ “နောက်ထပ်ထုဦး။ အစိတ်စိတ်ဖြစ်အောင် ခွဲပစ်လိုက်” လို့ အမိန့်ပေးနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့အသံက ဘေးကနေထွက်ပေါ်လာပါတယ်။

မတတ်နိုင်တဲ့အဆုံး ကျောင်းသားလေးဟာ ကုပ်ကုပ်ကလေးပြန်ထိုင်ပြီး သော့အိမ်နဲ့ရိုက်လိုက်၊ ဆောင့်ပြီးအရှိန်နဲ့ပြန်ပစ်ချလိုက်နဲ့ သူ့ရဲ့ဖုန်းကို နှစ်ခြမ်းကွဲတဲ့အထိ ကိုယ်တိုင်ဖျက်ဆီးဖို့ တောက်လျှောက်တွန်းအားပေးခံခဲ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုများစွာရှိနေပေမဲ့လို့ ကျောင်းရဲ့တာဝန်ရှိသူတွေကတော့ “ဘယ်ဆရာ၊ ဆရာမမှ ဒီကိစ္စမှာ ဝင်ပါထားတာမရှိပါဘူး။ ကျောင်းကိုဖုန်းမယူလာရဘူးဆိုတဲ့ စည်းမျဉ်း၊ စည်းကမ်းကလည်း ကျောင်းသူ၊ ကျောင်းသားတိုင်းအတွက် နဂိုတည်းက ထုတ်ပြန်ထားပြီးသားပါ။ ဒါပေမဲ့ ဖုန်းကိုကိုယ်တိုင်ခွဲဖို့အထိ ဘယ်ဆရာ ဆရာမကမှ တွန်းအားမပေးပါဘူး။ ဒါက သူတို့ကျောင်းသားအချင်းချင်း ဖြစ်ကြတဲ့ ကိစ္စပါ” လို့ ကျောင်းရဲ့တာဝန်ရှိသူတစ်ဦးက ဆိုခဲ့ပါတယ်။

ဗီဒီယိုကိုတော့ အဲဒီကျောင်းမှာတာဝန်ထမ်းဆောင်နေတဲ့ဆရာမကပဲ တခြားကျောင်းသားတွေကိုပြဖို့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ကျောင်းဘက်ကတော့ ဖုန်းအတွက်လျော်ကြေးကို အလျော်ပြန်ပေးဖို့အစီအစဉ်မရှိဘူးလို့ ဆိုထားပါတယ်။

ဗီဒီယိုကိုကြည့်ချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါလင်ခ့်ကနေတစ်ဆင့် ဝင်ကြည့်နိုင်ပါတယ်။

https://dailym.ai/2WydhVR

Ref: Dailymail “Sulking schoolboy is forced to smash his mobile phone to pieces in front of his whole class after he was caught bringing it to”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top