အသက် ၇၀ အရွယ် လီလာ ဟိုဆေးဆိုတဲ့ အိန္ဒိယအမျိုးသမီးဟာ အသက်အရွယ်က ကိန်းဂဏန်းသပ်သပ်ပဲဆိုတာကို ဒူဘိုင်းမှာ အမြင့်ပေ ၁၃၀၀၀ ကနေ ကောင်းကင်ဒိုင်ဗင်ထိုးရင်း သက်သေပြသွားခဲ့ပါတယ်။ လီလာက UAE မှာ ရှိတဲ့ သားဖြစ်သူဆီ အလည်လာတဲ့အချိန် သူ့အိပ်မက်ဖြစ်တဲ့ ကောင်းကင်ဒိုင်ဗင်းထိုးတာကို လုပ်ဖြစ်ခဲ့တာပါ။
လီလာက လေထီးပွင့်မလာခင် အလွတ်ခုန်ချရတဲ့အရသာကို ကြုံတွေ့ခံစားခဲ့ရပါတယ်။ ပေ ၆၀၀၀ ကျမှ သူ့ရဲ့လေထီးက ပွင့်ခဲ့တာပါ။ သူ့ရဲ့ကွယ်လွန်သူခင်ပွန်းက စွန့်စားချင်စိတ်ရှိအောင် တွန်းအားပေးခဲ့ဖူးတယ်။ သားဖြစ်သူ အာနက်ချ် ပီ ဟိုဆေးက သူ့ရဲ့ကောင်းကင်ဒိုင်ဗင်ထိုးခြင်းအိပ်မက်ကို ပံ့ပိုးပေးခဲ့တယ်လို့ လီလာက ဆိုပါတယ်။
လီလာက Ain Dubai နားမှာ ဒရုန်းရှိုးပွဲကို ကြည့်နေတဲ့အချိန် သူ့ရဲ့အိပ်မက်အကြောင်း ပြောဖြစ်ခဲ့တာပါ။ သူ့ရဲ့ချွေးမက သူ့အိပ်မက်ကို အားပေးခဲ့ပြီး အဲ့ဒီနောက် သားဖြစ်သူ အာနက်ချ်က Skydive Dubai ကို ဆက်သွယ်ပေးခဲ့တာပါ။ အစက အသက် ၇၀ အရွယ်ကို Skydive Dubai က လက်ခံဖို့ဆိုတာ မသေချာခဲ့ပါဘူး။
Skydive Dubai စင်တာကို ရောက်တဲ့အချိန် ဝန်ထမ်းက ကောင်းကင်ဒိုင်ဗင်းထိုးမယ့်သူက အာနက်ချ်လို့ ထင်ခဲ့တာပါ။ လီလာဆိုတာ သိသွားတဲ့အခါမှာတော့ သေချာလားလို့ မေးပါတယ်။ လီလာက အသက်အရွယ်ဟာ ပြဿနာမဟုတ်ဘူး။ ခုန်ချချင်တယ်လို့ ပြောခဲ့တာပါ။
အဲ့ဒီလိုနဲ့ လီလာရဲ့ကောင်းကင်ဒိုင်ဗင်ထိုးချင်တဲ့အိပ်မက်လေးဟာ အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်ခဲ့ပါတယ်။ အာကာသသွားချင်တဲ့ သူ့ဆန္ဒကိုလည်း အခုလို ထုတ်ပြောပြထားပါတယ်။ “အာကာသကို သွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဘာလို့မရရမှာလဲ။ စိတ်ကူးအိပ်မက်ထားတာက အသက်အရွယ်ကန့်သတ်ချက်မရှိပါဘူး”တဲ့။
Ref: 70-Year-Old Indian Woman Proves Age Is Just A Number, Skydives From 13,000 Feet In Dubai
WL ( ရိုးရာလေး)

