ဓာတ်ပုံဆရာမနဲ့ အိမ်ခြေရာမဲ့အမျိုးသားတို့ကြားက အံ့အားသင့်စရာဇာတ်လမ်းတစ်ပုဒ်

hh0.jpg

ကိုရီးယား-အမေရိကန်ကပြားဓာတ်ပုံဆရာမတစ်ယောက်က ဓာတ်ပုံပညာရပ်ကို သင်ယူရင်း အိမ်ခြေရာမဲ့လူတွေရဲ့ပုံတွေကို ရိုက်ကူးခဲ့ပါတယ်။ လမ်းမပေါ်မှာ မြင်တွေ့နေရတဲ့အရာတွေကို ရိုက်ကူးရင်း အိမ်ခြေရာမဲ့လူတွေထဲက တစ်ယောက်က လွန်ခဲ့တဲ့နှစ်များစွာက ကွဲကွာခဲ့ရတဲ့ သူ့ရဲ့ဖခင်အရင်း ဖြစ်နေခဲ့တာကို သတိထားမိသွားခဲ့ပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်တွေကို သူတို့သားအဖနှစ်ယောက်ရဲ့ဇာတ်လမ်းလေးအကြောင်း ပြောပြပါရစေ…။

ဓာတ်ပုံဆရာမဒိုင်ယာနာ ကင် (Diana Kim) က သူ့ရဲ့မိဘတွေ ကွာရှင်းတော့ သူဟာ အသက် (၅) နှစ်သာရှိပါသေးတယ်။ သူက မိခင်နဲ့အတူ နေထိုင်ခဲ့ရပြီး သူ့ရဲ့အမေက ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ ခပ်ကင်းကင်းနေခဲ့တာကြောင့် ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေရှိခဲ့ပါတယ်။ သူတို့သားအမိနှစ်ယောက်က တစ်ခါတလေ ပန်းခြံထဲမှာနေရင်း အချိန်ဆုံးခဲ့ရပါတယ်။ ကင်က ဒီအတွေ့အကြုံကို ရင်တည်နိုင်စွမ်းရှိအောင် အခွင့်အရေးပေးတယ်လို့ပဲ သဘောထားခဲ့ပါတယ်။

မိဘတွေ မကွာရှင်းခင်က သူ့ရဲ့ဖခင်က ဓာတ်ပုံစတူဒီယိုလေးရှိတာကြောင့် သူအဖလိုပဲ သူဟာ ဓာတ်ပုံပညာရပ်ကိုစိတ်ဝင်စားခဲ့တာပါ။ သူ ကောလိပ်ကျောင်းတက်တဲ့အခါမှာ ပရောဂျက်တစ်ခုအနေနဲ့ အိမ်ခြေရာမဲ့လူတွေရဲ့ပုံတွေကို စတင်ရိုက်ကူးခဲ့ပြီး ပရောဖက်ရှင်နယ်ဓာတ်ပုံဆရာတစ်ယောက်ဖြစ်လာတဲ့အထိ ဆက်လက်ကြိုးစားခဲ့ပါတယ်။ ကြမ်းတမ်းတဲ့ငယ်ဘဝကြောင့် သူ့ရဲ့ပရောဂျက်က သူ့နှလုံးသားနဲ့ အရမ်းနီးစပ်ခဲ့သလို မေ့ပျောက်ခံရတဲ့ခံစားချက်ကိုတောင် နားလည်နိုင်ခဲ့ပါတယ်။

ကင်က ဟိုနိုလူလူမြို့ရဲ့ လမ်းမထက်မှာ ဓာတ်ပုံရိုက်နေခဲ့ရင်း သူ ရိုက်ခဲ့တဲ့ပုံတွေထဲက အိမ်ခြေရာမဲ့တစ်ယောက်က သူ့ရဲ့အဖေရင်းဖြစ်တာကို သိခဲ့ရပါတယ်။ သူ့ရဲ့အဖေဆိုတာ သိလည်းသိရော စကားပြောဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အဖေက ပုံစံကော၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာပါ ဆိုးရွားနေခဲ့တဲ့အတွက် သူ့ကို စကားပြောဖို့ ငြင်းဆိုခဲ့ပါတယ်။ သူ့ရဲ့ဖခင် သတိထားမိအောင် ကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ သူ့ရဲ့ဖခင်က သူ့ကို ကြည့်တောင်မကြည့်ခဲ့ပါဘူး။

သူ့ရဲ့ဖခင်က သူ့ကို မှတ်မိဖို့ ငြင်းဆန်နေပေမဲ့လည်း လက်မလျော့ခဲ့ပါဘူး။ ခဏခဏ သွားသွားတွေ့ခဲ့ပြီး သူ့ဆီက တုံ့ပြန်မှုတွေရဖို့အတွက် စကားပြောဖို့ ကြိုးစားကြည့်ခဲ့ပါတယ်။ သူ့ရဲ့ဖခင်ကို ဆင်းရဲနွမ်းပါးတဲ့အသွင်အပြင်နဲ့ မြင်ရတာ ကင်အတွက် ရင်နာစရာပါပဲ။ အဲဒါနဲ့ပတ်သက်ပြီး သူမ ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။

တစ်နေ့မှာ ကင်ရဲ့ဖခင်က လမ်းမပေါ်မှာ နှလုံးရောဂါဖောက်ခဲ့ပြီး လူတချို့က အရေးပေါ်ကားခေါ်ပေးခဲ့ပါတယ်။ ဆေးရုံတင်ပြီးလို့ နှလုံးရောဂါသက်သာလာတာနဲ့ တပြိုက်နက်တည်း စိတ်ပိုင်းဆိုင်ရာအခြေအနေကိုလည်း ကုသခွင့်ရခဲ့ပါတယ်။

သေသေချာချာကုသမှုကြောင့် ကင်အဖေရဲ့ ကျန်းမာရေးအခြေအနေက သိသိသာသာတိုးတတ်လာခဲ့ပါတယ်။ အခုဆိုရင် သူ့ရဲ့အဖေက ကင်ကို ပြန်မှတ်မိသွားပြီး သူတို့ရဲ့ဆက်ဆံရေး ပိုကောင်းမွန်လာအောင် လုပ်ဆောင်နေပြီး အရင်ကမလုပ်ဖြစ်ခဲ့တဲ့ အရာတွေကို လုပ်ဖြစ်နေပါတယ်။

Ref: Brightside “A Photographer Takes Pictures of a Homeless Man and Realizes It’s Her Long Lost Father”
WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top