iPhone ဝယ်ချင်လို့ ကျောက်ကပ်ရောင်းစားခဲ့တဲ့အမျိုးသား ကျောက်ကပ်ရောဂါခံစားနေရ

ipone.webp

အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူ ဆယ်ကျော်သက်အရွယ်တုန်းက iPhone လိုချင်တဲ့စိတ်ကြောင့် လုပ်ခဲ့တဲ့အရာရဲ့အကျိုးဆက်ကို ခံစားနေရပါတယ်။ iPhone လိုချင်လို့ သူ့ကျောက်ကပ်ကို ရောင်းခဲ့တဲ့ လုပ်ရပ်ကြောင့် ကျောက်ကပ်ရောဂါခံစားနေရတာပါ။ သူကတော့ တရုတ်နိုင်ငံ၊ အန်ဟွေ့ပြည်နယ်က ဝမ် ရှောင်ကူဆိုသူပါ။ 

ရှောင်ကူက ဆင်းရဲတဲ့ဘဝကနေ ကြီးပြင်းလာခဲ့တဲ့သူပါ။ ၂၀၁၁ ခုနှစ်၊ သူ့အသက် ၁၇ နှစ်အရွယ်မှာ iPhone 4 လိုချင်ခဲ့ပါတယ်။ လူမှုကွန်ယက်ပေါ်က ပို့စ်တွေရဲ့လွှမ်းမိုးမှုခံရတဲ့ သူဟာ သူ့ရဲ့ကျောက်ကပ်ကို တရားမဝင်ခွဲစိတ်ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျောက်ကပ်ရောင်းလိုက်လို့ ယွမ် ၂၀၀၀၀ ရခဲ့ပြီး အဲ့ဒီနောက် iPhone 4 နဲ့ iPad 2 ကို ဝယ်ယူခဲ့ပါတယ်။ 

နောက်ပိုင်းမှာ သူဟာ ဘက်တီးရီးယားပိုးကူးစက်မှုရှိနေကြောင်း သိရှိခဲ့ရပါတယ်။ သူ့ရဲ့ကျန်နေတဲ့ကျောက်ကပ်တစ်ဖက်ကလည်း ပျက်စီးကာ သူ့ကျန်းမာရေးအခြေအနေဆိုးရွားလာခဲ့ပါတယ်။ iPhone နဲ့ iPad အသစ်တွေဝယ်တာကို သံသယရှိလာခဲ့တဲ့ သူ့အမေက သူ လုပ်ခဲ့တဲ့အရာတွေကို အမှန်အတိုင်းပြောဖို့ တွန်းအားပေးခဲ့ပါတယ်။ သူ ကျောက်ကပ်ရောင်းခဲ့တာကို သိသွားတဲ့ သူ့အမေက ဝမ်းနည်းပူဆွေးခဲ့ရပါတယ်။ 

ရှောင်ကူက သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် တစ်သက်လုံး မသန်စွမ်းဖြစ်သွားခဲ့ပါတယ်။ iPhone လိုချင်လို့ ကျောက်ကပ်ရောင်းတဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ဟာ သူ့ဘဝမှာ အကြီးမားဆုံးနောင်တဖြစ်စေခဲ့တယ်လို့ တရုတ်သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ 

တရားမဝင်ခွဲစိတ်မှုတွေရဲ့နောက်ကွယ်က အဖွဲ့အစည်းကို အာဏာပိုင်တွေက နောက်ပိုင်းမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ရှန်ကူက လျော်ကြေးငွေ ယွမ် ၁.၄၈ သန်း ရရှိခဲ့ပါတယ်။ သူ့ဘဝကို ထာဝရပြောင်းလဲသွားစေခဲ့တဲ့ ဆုံးဖြတ်ချက်ကို သူ ချခဲ့တာက ၁၄ နှစ်ရှိသွားပါပြီ။ သူ့ရဲ့ကျောက်ကပ်လုပ်ဆောင်ချက်က ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး အခုအခါမှာတော့ ကျောက်ကပ်ဆေးနေရပါတယ်။ 

Ref: Man Sold His Kidney To Buy An iPhone, Now Suffers From Kidney Failure

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top