ငယ်စဉ်ဘဝက အိမ်အကူကို မင်္ဂလာဆောင်ဖိတ်ကြားချင်လို့ လိုက်ရှာနေတဲ့ စင်ကာပူအမျိုးသား

find.jpg

စင်ကာပူနိုင်ငံက အမျိုးသားတစ်ဦးဟာ ငယ်စဉ်က သူ့ရဲ့အိမ်အကူကို လိုက်ရှာလို့နေပါတယ်။ ဆမြူရယ် ကာလဘ် ဝီ ဆိုတဲ့ အဲ့ဒီအမျိုးသားက သူ့ရဲ့အိမ်ကူနာမည်ဟာ ဆူဆီလိုဝါတီ (ခ) ဝါတီဖြစ်ပြီး ၁၉၉၄ ခုနှစ်က အင်ဒိုနီးရှားကနေ စင်ကာပူနိုင်ငံကို လာရောက်ခဲ့တာဖြစ်တယ်လို့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။ 


ဝါတီက ၂၀၁၀ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံကို ပြန်မသွားခင် ဆမြူရယ်ရဲ့မိသားစုနဲ့ ၁၆ နှစ်ကျော်နေထိုင်ခဲ့ပါတယ်။ ဆမြူရယ်ရဲ့မိသားစုက ဝါတီနဲ့ နှစ်တော်တော်ကြာ အဆက်အသွယ်ရှိခဲ့ပေမဲ့ ကပ်ရောဂါကာလအတွင်း ၂၀၂၀ ခုနှစ်မှာ အဆက်အသွယ်ပြတ်သွားခဲ့တာပါ။ ဆမြူရယ်တို့မိသားစုထဲက တစ်ယောက်ယောက် လက်ထပ်ခဲ့ရင် မင်္ဂလာပွဲတက်ရောက်ဖို့ စင်ကာပူကို ပြန်လာခဲ့မယ်လို့ ဝါတီက အမြဲပြောခဲ့တာပါ။ 


အခုဆို ဆမြူရယ်က ၂၀၂၆ ခုနှစ်မှာ မင်္ဂလာပွဲကျင်းပတော့မှာမို့ ဝါတီကို ဖိတ်ချင်ခဲ့တာပါ။ သူ့ကို ရှာဖွေဖို့ အကူအညီလိုနေတဲ့အတွက် အခုလို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ဝါတီရဲ့နောက်ဆုံးအဆက်အသွယ်လုပ်ခဲ့တဲ့ ဖုန်းနံပါတ်က အသုံးမပြုတော့တာကြာပါပြီ။ သူတို့ နောက်ဆုံးသိခဲ့တဲ့ ဝါတီရဲ့နေရာကလည်း Semarang ဆိုတာပါပဲ။ ဝါတီ ရေးသားပေးပို့ခဲ့တဲ့ စာက လိပ်စာကလည်း Gawtengang လို့ခေါ်တဲ့ နေရာကိုပဲ ညွှန်းဆိုထားပါတယ်။ 

ကိုဗစ်ကာလအတွင်း ဝါတီ တစ်ခုခုဖြစ်သွားခဲ့မှာ ကြောက်ပေမဲ့ အဆိုးဆုံးကို မတွေးဘဲ မျှော်လင့်ချက်ဆက်ထားချင်တယ်လို့ ဆမြူရယ်က ဆိုထားပါတယ်။ ၂၀၂၆ ခုနှစ်ဇန်နဝါရီမှာ လက်ထပ်ပွဲကျင်းပမှာဖြစ်ပြီး အဲ့ဒီမှာ ဝါတီရှိနေမှ အဓိပ္ပာယ်ရှိမှာဖြစ်တယ်လို့ ပြောပါတယ်။ 


သူ ပို့စ်တင်ခဲ့ပြီးတဲ့နောက်မှာ သူ့ကို သတင်းပေးကြတဲ့သူတွေရှိသလို ဆုတောင်းပေးကြတဲ့သူတွေလည်း ရှိခဲ့ပါတယ်။ သူ့ကို အကူအညီပေးကြတဲ့သူတွေကို ကျေးဇူးတင်ပေမဲ့ အကူညီပေးနိုင်မယ့် အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်လုပ်ဖို့ မျှော်လင့်နေပါတယ်။ ဝါတီနဲ့ပတ်သက်ပြီး သတင်းပေးချင်တဲ့သူတွေက ဆမြူရယ်ကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်ကတဆင့် အဆက်အသွယ်လုပ်ဖို့ တိုက်တွန်းထားပါတယ်။ 

ဆမြူရယ်ရဲ့ပို့စ်လင့်ခ် – https://www.facebook.com/groups/www.hiremaid.com.sg/permalink/2701086793570742/?mibextid=wwXIfr&rdid=aq5NKMtq2gDfXkb5#

Ref: S’pore man, 35, finding childhood helper from Indonesia to invite to wedding

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top