၈ နှစ်အရွယ်ဆိုတာ မုန့်ဖိုးများများရရင် အရုပ်ဝယ်၊ မုန့်ဝယ်ဖို့ပဲ တွေးကြတာ များပါလိမ့်မယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်မှ ၈ နှစ်အရွယ် ကလေးငယ် ဝက်အာဘာကတော့ ဝှက်ထားတဲ့ပစ္စည်းတွေ ရှာဖွေရတဲ့ ပြိုင်ပွဲတစ်ခုမှာ အနိုင်ရတဲ့ ဆုကြေးငွေ ဒေါ်လာ ၁၀၀၀ လုံးကို သွေးကင်ဆာရောဂါ ခံစားနေရတဲ့ ၂ နှစ်အရွယ် အိမ်နီးချင်းကလေးငယ်အတွက် လှူဒါန်းပေးခဲ့ပါတယ်။
” ဝက်အာဘာက ကင်ဆာရောဂါအကြောင်း သိတယ်။ အဲဒီတော့ ကာရာမှာ ကင်ဆာဖြစ်နေမှန်း သိလိုက်ရတဲ့ သူ အရမ်းစိတ်မကောင်း ဖြစ်သွားတယ်။ ပြိုင်ပွဲမဝင်ခင်ကတည်းက သူသာ ဆုရရင် ဆုကြေးအားလုံးကို ကာရာအတွက် လှူပေးမယ်လို့ ပြောခဲ့တာပါ”လို့ မိခင်ဖြစ်သူ နိုလီအာဘာက ဆိုပါတယ်။
ဝက်အာဘာဟာ ကာရာရဲ့အစ်ကို ကွန်နာနဲ့ ကစားဖော်ကစားဖက်ဖြစ်ပြီး သူတို့အချင်းချင်း အလွန်ခင်မင်ကြသူတွေပါ။ ဝက်အာဘာရဲ့ ကြင်နာမှုနဲ့ ရက်ရောမှုအကြောင်း သတင်းပျံ့နှံ့သွားပြီးအချိန်မှာ သွေးကင်ဆာရောဂါ ခံစားနေရတဲ့ ကာရာအတွက် လှူဒါန်းသူတွေ ပိုများလာခဲ့ပြီး ဝက်အာဘာကိုလည်း လူမှုကွန်ရက် အသုံးပြုသူတွေက ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ ဒါဟာ ၂၀၁၂ ခုနှစ်က သတင်းတစ်ပုဒ်ဖြစ်ပြီး ဟောင်းပေမဲ့ ကောင်းနေဆဲ အကြောင်းအရာတစ်ရပ်ဖြစ်လို့ ပြန်လည်ဖော်ပြပေးလိုက်တာပါ။
Ref: Illinois Boy Wins $1,000, Donates Money to Neighbor Fighting Leukemia
NZ ( ရိုးရာလေး)

