နိုဘယ်ဆုရ စာရေးဆရာ ဂေဘရီယယ်အတွက် နောက်ကွယ်မှ အသံတိတ်ပံ့ပိုးခဲ့သူ

back.jpg

One Hundred Years of Solitude ( အထီးကျန်နှစ်တစ်ရာ၊ ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ အမည်တို့ဖြင့် မြန်မာဘာသာပြန်ဆိုမှုများ ရှိ) စာအုပ်ဟာ နိုဘယ်ဆုရ ကိုလံဘီယာစာရေးဆရာ ဂေဘရီယယ်ဂါစီယာမားကွက်ဇ်ရဲ့ အောင်မြင်ကျော်ကြားတဲ့ စာအုပ်တစ်အုပ်ပါ။ ဒီစာအုပ်ကို စာချစ်သူ အများစု သိကြပေမဲ့ ဒီစာအုပ် နောက်ကွယ်က ပေးဆပ်မှု၊ ရုန်းကန်လှုပ်ရှားမှုတွေကိုတော့ သိသူနည်းပါတယ်။

ဂေဘရီယယ်က ဂျာနယ်လစ်တစ်ယောက်ပါ။ သူ့အသက် ၁၃ နှစ်အရွယ်တုန်းက ကျောင်းကပွဲမှာ ဆုံခဲ့တဲ့ ကောင်မလေးကို တန်းတန်းစွဲ ချစ်မိခဲ့ပြီး ၁၉၅၈ ခုနှစ်မှာ အဲဒီမိန်းကလေးနဲ့ လက်ထပ်ခဲ့ပါတယ်။ ကောင်မလေးက ချမ်းသာတဲ့ အသိုင်းအဝိုင်းကဖြစ်ပြီး ဂေဘရီယယ်ကတော့ နွမ်းပါးပါတယ်။ စာရေးတာ ဝါသနာပါတဲ့ ဂေဘရီယယ်ဟာ ဝတ္တုတွေ ရေးသားခဲ့ပြီး စာပေအသိုင်းအဝိုင်းမှာ ချီးကျူးခံရတဲ့အဆင့်မျိုး ဖြစ်ပေမဲ့ မိသားစု စားဝတ်နေရေးကိုတော့ ဇနီးဖြစ်သူ ဘာချာကပဲ ရင်ဆိုင်ဖြေရှင်းခဲ့ရတာပါ။ သူ့ယောကျာ်းရဲ့ စာရေးသားခြင်း ပါရမီကို ယုံကြည်တဲ့ ဘာချာဟာ နောက်ကွယ်ကနေ အစစအရာရာ ပံ့ပိုးပေးခဲ့ပါတယ်။

၁၉၆၅ ခုနှစ်က မက္ကဆီကိုနိုင်ငံ ကမ်းရိုးတန်းက အကာပယ်ကိုမြို့ကို ကားမောင်းသွားနေရင်း ဂေဘရီယယ်ရဲ့ အတွေးထဲမှာ ဝတ္တုဇာတ်လမ်းတစ်ပုဒ် ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာခဲ့ပါတယ်။ ဘူအန်ဒီယာမိသားစုရဲ့ မျိုးဆက် ၇ ဆက်၊ မာကွန်ဒိုဆိုတဲ့ မြို့တစ်မြို့၊ အချစ်၊ စစ်ပွဲနဲ့ အထီးကျန်မှု၊ စိတ်ကူးယဉ်မှုနဲ့ အရှိတရားကို ရောယှက်ပုံဖော်ထားတဲ့ ဇာတ်ကြောင်းတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း ပုံဖော်မိသွားတာပါ။


သူက ကားကို နောက်ပြန်လှည့်ပြီး အိမ်ကို ပြန်မောင်းလာခဲ့တယ်။ ” ဒီဝတ္တုကို ရေးမယ်။ အချိန် တော်တော်ယူရမှာဆိုတော့ အိမ်အသုံးစရိတ် ပြတ်သွားနိုင်တယ်”လို့ ဂေဘရီယယ်က ဘာချာကို တိုင်ပင်တယ်။ ဘာချာက ပြန်ပြောတာ တစ်ခွန်းတည်းပဲ . . . . ” ရေးပါ”တဲ့။

ဂေဘရီယယ်က ဂျာနယ်လစ်အလုပ်ကနေ ထွက်လိုက်တယ်။ ၁၈ လလုံးလုံး ဒီဝတ္တုကို စိတ်နှစ် ရေးသားခဲ့တယ်။ စာအုပ်ရေးနေတဲ့ကာလအတွင်း သူတို့ စုဆောင်းထားတဲ့ ငွေကြေးအားလုံး ကုန်သွားတယ်။ ဂေဘရီယယ်က သူ့ရဲ့အတွေးထဲမှာ စီးမျောပြီး စာအုပ်ရေးနေတဲ့အချိန် ဘာချာကတော့ လက်တွေ့ဘဝထဲက အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနေရတယ်။ အိမ်ရှင်၊ ကြွေးရှင်၊ ရေဖိုး၊ မီးဖိုး ပေးစရာတွေ ပေးနိုင်ဖို့ပေါ့။ သူတို့မှာ ကျန်နေတဲ့ တန်ဖိုးကြီးပစ္စည်းဆိုလို့ ကားတစ်စီးပဲ ရှိတော့တယ်။ အဲဒီကားကို ရောင်းချပြီး အကြွေးတွေ ဆပ်လိုက်ရတယ်။

ဆွေမျိုးတွေက သူတို့ကို အတန်တန် တားကြတယ်။ မိတ်ဆွေတွေကတော့ သူတို့မိသားစု ရူးနေကြပြီလို့ ပြောကုန်ကြတယ်။ ဒါပေမဲ့ ဘာချာက ဘေးစကားတွေကို နားမယောင်ခဲ့ဘူး။ သူ့ယောကျာ်းဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တယ်။ ၁၉၆၆ ခုနှစ်မှာတော့ ဂေဘရီယယ်က သူ့စာအုပ်ကို အဆုံးသတ်နိုင်ခဲ့တယ်။ စာမျက်နှာ ၅၀၀ နီးနီးရှိတဲ့ ဝတ္တုတစ်ပုဒ် ဖြစ်လာတယ်။ ဒီစာအုပ်ကို ထုတ်ဝေနိုင်ဖို့ စာအုပ်တိုက်ကို ပို့ရမယ်။ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်မြို့မှာရှိတဲ့ Editorial Sudamericana စာအုပ်တိုက်ကို ပို့ရမှာပါ။

စာမျက်နှာ ၅၀၀ နီးနီးရှိတဲ့ စာမူကို မက္ကဆီကိုနိုင်ငံကနေ အာဂျင်တီးနားနိုင်ငံထံ ပို့ဆောင်ဖို့ အဲဒီကာလက ကုန်ကျစရိတ် တော်တော်များတယ်။ သူတို့အိမ်မှာ ကျန်နေတဲ့ ငွေအကြွေလေးတွေ ရေတွက်ကြည့်တော့ မလောက်ဘူး။ ဒီအချိန်မှာ ဘာချာက သူ့ရဲ့ ဆံပင်အခြောက်ခံစက်၊ ရေဒီယိုနဲ့ မီးဖိုချောင်ထဲက ရောင်းလို့ရနိုင်မယ့် ပစ္စည်းတွေ အကုန် ထုပ်ပိုးပြီး သွားရောင်းတယ်။ ပြီးတော့ စာတိုက်ကို သွားပြီး စာမူပို့တယ်။

စာမူလည်း ပို့ပြီးရော သူတို့လက်ထဲမှာ ငွေဆိုလို့ ပီဆို တပြားတချပ်တောင် မကျန်တော့ပါဘူး။ ” ကဲ စာမူတော့ ပို့ပြီးပြီ။ ရှိသမျှအားလုံးလည်း ကုန်ပြီ။ ဂေါ်မစွံစာအုပ် ဖြစ်ဖို့ပဲ လိုတော့တယ်”လို့ ဘာချာက သူ့ခင်ပွန်းကို အရွှန်းဖောက်တယ်။ တကယ်လည်း သူတို့ ပိုင်ဆိုင်သမျှအရာအားလုံးကို ထုခွဲ ရောင်းချပြီး ဒီစာအုပ်အပေါ် ရင်းနှီးမြှုပ်နှံထားခဲ့တာပါ။


၁၉၆၇ ခုနှစ် ဇွန်လမှာတော့ စာအုပ် ထွက်လာတယ်။ စာအုပ်ထွက်ပြီး သီတင်းပတ် အနည်းငယ်အတွင်းမှာ ရောင်းအား အဆမတန် ထိုးတက်ပြီး ပထမအကြိမ် ထုတ်လုပ်ထားတဲ့ စာအုပ်အားလုံး ကုန်သွားတယ်။ ဒီလိုနဲ့ ဒုတိယအကြိမ်၊ တတိယအကြိမ်တွေ ထပ်ရိုက်ရတဲ့အထိ အောင်မြင်ခဲ့တယ်။ One Hundred Years of Solitude စာအုပ်ကို ဘာသာစကား ၄၆ မျိုးနဲ့ ပြန်ဆိုထုတ်ဝေခဲ့ပြီး အုပ်ရေ သန်း ၅၀ ကျော် ရောင်းချနိုင်ခဲ့တယ်။ ကမ္ဘာတလွှားက တက္ကသိုလ်တွေမှာတော့ ဒီစာအုပ်ကို သင်ရိုးထဲ ထည့်သွင်းပြဋ္ဌာန်းခဲ့ကြတယ်။ စာပေသမိုင်းရဲ့ အကောင်းဆုံးဝတ္တုတစ်ပုဒ်လို့ သတ်မှတ်မှုတွေလည်း ရှိခဲ့ပါတယ်။

၁၉၈၂ ခုနှစ်မှာတော့ ဂေဘရီယယ်က စာပေဆိုင်ရာ နိုဘယ်ဆု ဆွတ်ခူးခဲ့တယ်။ သူတို့မိသားစုရဲ့ ချို့တဲ့နွမ်းပါးနေ့စွဲတွေကိုလည်း အဆုံးသတ်နိုင်ခဲ့တယ်။ မက္ကဆီကိုစီးတီးမြို့မှာ အိမ်လှလှလေး တစ်လုံးဝယ်ယူနေထိုင်ခဲ့တယ်။ သူတို့မိသားစုတွေ ကမ္ဘာအနှံ့ ခရီးတွေ သွားခဲ့ကြတယ်။ ငွေကြေးအတွက် စိုးရိမ်စရာ မလိုတော့ဘူး။ ဂေဘရီယယ်ကတော့ သူ့ရဲ့အောင်မြင်မှုမှာ အဓိက ပေးဆပ်ခဲ့သူက ဘာချာလို့ တဖွဖွပြောလေ့ရှိတယ်။

အင်တာဗျူးတွေ ဖြေတဲ့အခါတိုင်း ” ဒီစာအုပ်ရဲ့ ရေးသားသူအစစ်က ကျွန်တော့်မိန်းမပဲဗျ။ သူ့ကြောင့်သာ ကျွန်တော် ရေးခွင့်ရခဲ့တာ။ ကျွန်တော် သိဖူးသမျှလူတွေထဲမှာတော့ ဘာချာက အသန်မာဆုံးလူသားပဲ”လို့ ပြောလေ့ရှိတယ်။ သူတို့ရဲ့ အိမ်ထောင်သက်က ၅၆ နှစ် ကြာမြင့်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ ဂေဘရီယယ် ကွယ်လွန်ခဲ့တယ်။ ဘာချာကတော့ ၂၀၂၀ ပြည့်နှစ်က အသက် ၈၇ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်။

Ref: Gabriel García Márquez

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top