တိုက်ခန်း၊ ရွှေချောင်း၊ ကားတွေနဲ့ မက်လုံးပေးခြင်းက ကိုဗစ်ကာကွယ်ဆေး ထိုးနှံသူ ပိုများစေသလား

21.12.2021yyl1.jpg

အိန္ဒိယက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မှာ အရွယ်ရောက်ပြီးသူအားလုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီး ဖြစ်ရမယ်လို့ လျာထားဆောင်ရွက်တယ်။ အခုအထိတော့ ကာကွယ်ဆေး ထိုးနှံခွင့်ရှိသူတွေထဲမှာ ၈၅ ရာခိုင်နှုန်းကျော် ထိုးပြီးပြီ။ ကာကွယ်ဆေး ၂ ကြိမ်လုံး ထိုးနှံပြီးသူက ၅၅ ရာခိုင်နှုန်း ရှိတယ်။ ဒါပေမဲ့ အခုနှစ်ကုန်မှာတော့ လျာထားချက် ပြည့်မီမှာ မဟုတ်သေးဘူး။ အဲဒီသူတွေထဲမှာ အထိနာနိုင်ခြေ ပိုများတဲ့ သက်ကြီးရွယ်အိုတွေလည်း ပါနေတယ်။ အခု အိုမီခရွန်မျိုးကွဲကလည်း တော်တော်လေး ပျံ့နေပြီဆိုတော့ စိုးရိမ်နေရတယ်။ ဒီတော့ ပြည်သူတွေ ကာကွယ်ဆေး လာထိုးအောင် အစိုးရက ဆွဲဆောင်ရတယ်။ ကာကွယ်ဆေး လာထိုးအောင် မက်လုံးပေးကြတဲ့ပုံစံက ပြည်နယ် တစ်ခုနဲ့တစ်ခု မတူဘူး။ အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရက်ပြည်နယ်မှာတော့ ကာကွယ်ဆေး လာထိုးရင် ဟင်းချက်ဆီ တစ်လီတာပေးမယ်လို့ ကြေညာလိုက်တယ်။ အဲဒီတော့ ချို့တဲ့နွမ်းပါးသူတွေ ကာကွယ်ဆေးထိုးဖို့ တန်းစီရောက်လာတယ်။ နယူးဒေလီမှာတော့ မိဘတွေ ကာကွယ်ဆေး ထိုးထားရင် သူတို့ကလေးတွေ မူကြိုကျောင်း ကောင်းကောင်းတက်ခွင့်ရအောင် စီစဉ်ပေးမယ်လို့ ကမ်းလှမ်းကြတယ်။

အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဟာပရာဒက်ရှ်ပြည်နယ်ရဲ့ မက်လုံးက ပိုဆန်းတယ် ဆိုရမယ်။ကာကွယ်ဆေး ၂ ကြိမ်လုံး ထိုးပြီးသူတွေ အရက်ဝယ်ရင် ၁၀ ရာခိုင်နှုန်း ဈေးလျှော့ပေးမယ်လို့ နိုဝင်ဘာလ ၂၃ ရက်က ကြေညာခဲ့တာပါ။ ဒီကြေညာချက်ကြောင့် ယမကာကြိုက်သူတွေ ဝမ်းပန်းတသာ ဖြစ်ခဲ့ကြပေမဲ့ အရက်သောက်အောင် အားပေးနေတာလားလို့ အာဏာရ BJP ပါတီလွှတ်တော်အမတ်တစ်ယောက်က ထောက်ပြခဲ့လို့ နောက်တစ်ရက်မှာပဲ ကြေညာချက်ကို ပြန်ရုပ်သိမ်းခဲ့ရတယ်။ အဲဒီမက်လုံးတွေကိုကြည့်ရင် အိန္ဒိယအစိုးရက အရွယ်ရောက်ပြီးသူအားလုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီး ဖြစ်အောင် ဘယ်လောက်ကြိုးပမ်းနေရသလဲဆိုတာ သိသာထင်ရှားစေပါတယ်။ အစောပိုင်းမှာ ကာကွယ်ဆေး ရရှိမှု နည်းပါးခဲ့လို့ ကာကွယ်ဆေး ထိုးနှံရေးစီမံကိန်းက ကြန့်ကြာနှောင့်နှေးခဲ့တာပါ။ ဒါပေမဲ့ ကာကွယ်ဆေး မထိုးရသေးသူ သန်းချီ ကျန်နေသေးတာဟာ အဲဒီအကြောင်းရင်း တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။

ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီးတာနဲ့ ကိုဗစ် မကူးနိုင်တော့ဘူးလို့ ထင်နေကြတာကလည်း ကာကွယ်ဆေး အပြည့်အဝ ထိုးနှံမှု နည်းပါးနေတဲ့ အကြောင်းရင်းတစ်ရပ်ပါ။ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ သန်း ၁၂၀ ကျော်က နောက်တစ်ကြိမ် ဆေးလာမထိုးကြတော့ဘူးလို့ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ကျန်းမာရေးဝန်ကြီး မန်ဒါဗီယာက ပြောပါတယ်။ အသက် ၄၅ နှစ်ကျော် အရွယ်ရှိသူတွေထဲမှာ ၄၀ ရာခိုင်နှုန်း ( သန်း ၁၄၀ လောက်)က ကာကွယ်ဆေး တစ်ကြိမ်မျှ (သို့) နှစ်ကြိမ်ပြည့်အောင် မထိုးရသေးပါဘူး။ အိန္ဒိယနိုင်ငံမှာ နေ့စဉ်နေ့တိုင်း ကိုဗစ်ကူးစက်ခံရသူ ၁၀၀၀၀ ကျော် တွေ့နေတာ တစ်လကျော် ရှိပါပြီ။

ကမ္ဘာ့နိုင်ငံ အသီးသီးမှာလည်း ပြည်သူတွေ ကာကွယ်ဆေး ထိုးနှံကြအောင် အမျိုးမျိုး မက်လုံးပေးနေကြပါတယ်။ ရုရှားနိုင်ငံမှာ ကုမ္ပဏီတချို့က နှင်းလျှောစီးယာဉ်တွေ၊ ကားတွေ မဲဖောက်ပေးပြီး ကာကွယ်ဆေး လာထိုးကြအောင် စည်းရုံးနေကြပါတယ်။ ဟောင်ကောင်မှာလည်း တန်ဖိုးကြီးတိုက်ခန်းတွေ၊ ရွှေချောင်းတွေ၊ Tesla ကားတွေ မဲဖောက်ပေးမယ်လို့ မက်လုံးပေးပြီးနောက်မှာ လူသောင်းချီ ကာကွယ်ဆေး လာထိုးခဲ့ကြပါတယ်။ အမေရိကန်မှာလည်း လက်ဆောင်ကတ်တွေပေးတာ၊ ထီဖွင့်ပေးတာတွေ လုပ်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ကယ်လီဖိုးနီးယားစီရင်စုတစ်ခုမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရဆိုရင်တော့ မက်လုံးပေး စည်းရုံးတာက ကာကွယ်ဆေး ထိုးနှံသူဦးရေ မြင့်တက်လာအောင် မလုပ်ပေးနိုင်ဘူးလို့ အမျိုးသားစီးပွားရေးသုတေသနဗျူရိုရဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။

ဂျာမနီ၊ သြစတြီးယားတို့လို့ နိုင်ငံတွေမှာတော့ ကာကွယ်ဆေး မထိုးသူတွေကို ကန့်သတ်၊ တင်းကျပ်မှုတွေ လုပ်နေပါပြီ။ ကာကွယ်ဆေး မထိုးရင် ဘား၊ စားသောက်ဆိုင် ထိုင်ခွင့်မရှိဆိုတဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ထားတာပါ။ ပြီးခဲ့တဲ့လက နယူးယော့ခ်မြို့မှာ ကာကွယ်ဆေးမထိုးတဲ့ မြူနီစီပယ်ဝန်ထမ်းထောင်ချီကို လစာမဲ့ခွင့် ပေးခဲ့ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းတွေမှာ လုပ်ငန်းခွင်သွားရတဲ့ အလုပ်သမားအားလုံး ကာကွယ်ဆေး မဖြစ်မနေ ထိုးရမယ်ဆိုတဲ့ စည်းမျဉ်းထုတ်ပြန်နိုင်အောင်လည်း စီစဉ်နေပါတယ်။

ဆုပေး၊ ဒဏ်ပေးစနစ်က ရေတိုမှာ ထိရောက်ပေမဲ့ ပြည်သူအားလုံး ကာကွယ်ဆေး ထိုးနှံကြစေဖို့ ရေရှည်မှာတော့ ထိရောက်မှုနည်းပါးပါတယ်။ အိန္ဒိယနိုင်ငံကတော့ အောက်ခြေအဆင့် ကြိုးပမ်းမှုတွေ နှစ်ရှည်လများလုပ်ပြီး ကာကွယ်ဆေးအပေါ် လူတွေရဲ့ယုံကြည်မှု တိုးပွားလာအောင် လုပ်ဆောင်နိုင်ခဲ့လို့ ၂၀၁၄ ခုနှစ်မှာ ပိုလီယိုကင်းစင်ပြီလို့ ကြေညာနိုင်ခဲ့ပါတယ်။ အခုလည်း အဲဒီကရတဲ့ သင်ခန်းစာတွေကို ပြန်အသုံးချရမှသာ ရေရှည်အောင်မြင်မှု ရလိမ့်မယ်လို့ အိန္ဒိယနိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာ ဆရာဝန် လာဟာရီယာက ပြောပါတယ်။

Ref: BBC “Covid-19: Can alcohol, cooking oil tempt unvaccinated Indians?”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top