ဥရောပတခွင်မှာ အဆိုနဲ့အကအတွက် နာမည်ကြီးပြီး ကက်စလာ အမွှာညီအစ်မလို့ သိကြတဲ့ အဲလစ် ကက်စလာနဲ့ အီလန် ကက်စလာတို့ဟာ “ဆေးဘက်ဆိုင်ရာ အကူအညီဖြင့် မိမိသဘောအတိုင်း ဘဝကို အဆုံးသတ်ခြင်း” နည်းလမ်းနဲ့ နိုဝင်ဘာ ၁၇ ရက်နေ့က အတူတူသေဆုံးသွားခဲ့ပါတယ်။ သူတို့ညီအစ်မ အတူတူနေထိုင်တဲ့ နေအိမ်မှာ သေဆုံးခဲ့တာဖြစ်တယ်လို့ နိုဝင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာပါ။ သူတို့ သေဆုံးချိန်မှာ အသက် ၈၉ နှစ်ရှိပါပြီ။ ပြီးခဲ့တဲ့နှစ်က အင်တာဗျူးတစ်ခုမှာ သူတို့အမြွှာညီအစ်မဟာ တစ်နေ့တည်းမှာ အတူတူသေဆုံးချင်တယ်လို့ ဖြေကြားခဲ့ဖူးပါတယ်။

သူတို့အမြွှာညီအစ်မဟာ ဒီရွေးချယ်မှုကို အချိန်အတော်ကြာ စဉ်းစားနေခဲ့တာဖြစ်တယ်လို့ ဆေးဘက်ဆိုင်ရာ အကူအညီဖြင့် မိမိသဘောအတိုင်း ဘဝကို အဆုံးသတ်ပေးရာမှာ ကူညီပေးတဲ့ အဖွဲ့ The German Society for Humane Dying က ပြောပါတယ်။ သူတို့ညီအစ်မက အဲ့ဒီအဖွဲ့မှာ အဖွဲ့ဝင်ဖြစ်ခဲ့တာ ၁ နှစ်ကျော်ပြီး ရှေ့နေနဲ့ ဆရာဝန်တွေနဲ့ ကနဦးဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဂျာမနီမှာ “ဆေးဘက်ဆိုင်ရာ အကူအညီဖြင့် သေဆုံးခြင်း”ဟာ တရားဝင်ပြီး ဒါနဲ့ပတ်သက်ပြီး တားမြစ်ချက်ကို ၂၀၂၀ ခုနှစ်မှာ ဖယ်ဒရယ်တရားရုံးက ပယ်ဖျက်ခဲ့တာပါ။

အဲလစ်နဲ့ အီလန်တို့ဟာ ၁၉၃၆ခုနှစ်မှာ မွေးဖွားခဲ့ပြီး ငယ်ရွယ်စဉ်မှာ ဘဲလေးအကသအားတွေအဖြစ် လေ့ကျင့်ခဲ့ကြတာပါ။ သူတို့ဟာ ၁၉၅၀ ပြည့်နှစ်မှာ ဖျော်ဖြေရေးလောကထဲဝင်ရောက်ခဲ့တာပါ။ ၁၉၅၅ ခုနှစ်မှာ ပဲရီမြို့က Lido cabaret theatreရဲ့ ဒါရိုက်တာက သူတို့ကို တွေ့ရှိပြီး နိုင်ငံတကာဖျော်ဖြေရေးလမ်းကြောင်းပေါ် စတင်လျှောက်လမ်းစေခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်တွေမှာ ကမ္ဘာလှည့်ဖျော်ဖြေမှုတွေလုပ်ခဲ့ပြီး ရောမမြို့ကို ပြောင်းရွေ့ခဲ့ပါတယ်။ အဲ့ဒီနောက် သူတို့အမြွှာညီအစ်မက အသက် ၈၀ အထိ ဂီတပြဇာတ်စင်မြင့်ထက်တွေမှာ အတူတူဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

Ref: The Kessler twins, German dance stars in the 50s and 60s, die in ‘joint s
WL ( ရိုးရာလေး)

