အနားယူဖို့ အစီအစဉ်မရှိသေးတဲ့ ကမ္ဘာ့အသက်ကြီးဆုံးကျွမ်းဘားမယ်

23-1-2023-yyl-178.jpg

တချို့လူတွေက သူတို့နှစ်သက်တဲ့အရာတွေကို လုပ်ဆောင်ရင်းနဲ့ အိုမင်းရင့်ရော်မှုကို တွန်းလှန်ကြတာပါ။ အဲဒီလူတွေက အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုထက်မပိုဘူးဆိုတာကို သက်သေပြနေတာပါ။ ၂၀၁၂ ခုနှစ်မှာ အသက်အကြီးဆုံးကျွမ်းဘားမယ်အဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အသက် ၉၇ နှစ်အရွယ် ဂျိုဟန်နာ ကွာအက်စ်ဆိုတဲ့ ဂျာမန်အမျိုးသမီးလည်း အပါအဝင်ပါပဲ။ ဂျိုဟန်နာက အသက် ၉၇ နှစ်အရွယ်ရှိပြီဖြစ်ပေမဲ့ သူနှစ်သက်တဲ့ကျွမ်းဘားမယ်အဖြစ်ကနေ အနားယူဖို့ အစီအစဉ်မရှိသေးပါဘူး။

ကျန်းမာကြံ့ခိုင်ကျစ်လျစ်တဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ထားတဲ့ ဂျိုဟန်နာဟာ ဂျာမနီနိုင်ငံမှာ နေထိုင်ပြီး ဒေသတွင်းကျောင်းတစ်ကျောင်းမှာ ကာယဆရာမတစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ သူဟာ ငယ်ငယ်လေးကတည်းက ကျွမ်းဘားအားကစားကို စိတ်ပါဝင်စားခဲ့တာပါ။ ၁၉၃၄ ခုနှစ်၊ သူ့အသက် ၉ နှစ်အရွယ်မှာ ကျွမ်းဘားအားကစားပြိုင်ပွဲမှာ စပြီးပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူ့ရဲ့မိဘတွေကလည်း ကျွမ်းဘားနဲ့ပတ်သက်ပြီး အများကြီးပြောပြပေးခဲ့တာပါ။ သူတို့ကတော့ ကျွမ်းဘားမောင်မယ်တွေတော့မဟုတ်ကြပါဘူး။

ငယ်ငယ်ကတည်းက ကျွမ်းဘားကစားခဲ့ပြီး ဆုတွေလည်း ရရှိခဲ့ပေမဲ့ ၂၀၁၂ ခုနှစ် ဂျိုဟန်နာရဲ့အသက် ၈၆ နှစ်မှာ သူ့ကို လူတွေပိုပြီးသတိထားမိလာခဲ့တာပါ။ Turnier der Meister အကောင့်မှာ တင်ထားတဲ့ သူ ကျွမ်းဘားကစားနေတဲ့၊ လေကျင့်နေတဲ့ YouTube ဗီဒီယိုတွေက လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပြီး ကြည့်ရှုသူ သန်းချီခဲ့ပါတယ်။ သူ့ရဲ့အကြောင်းကို ဂျာမန်နဲ့နိုင်ငံတကာသတင်းဌာနတွေနဲ့ ရုပ်သံလိုင်းတွေမှာ ဖော်ပြလာခဲ့ကြပါတယ်။ အဲဒီနှစ်မှာပဲ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက သူ့ကို ကမ္ဘာ့အသက်ကြီးဆုံးကျွမ်းဘားမယ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

သူ့ရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်အကြောင်း ပြောပြရာမှာ ဒါက ကျန်းမာရေးနဲ့ညီညွှတ်တဲ့ စားသောက်နေထိုင်မှုကြောင့်ပါပဲလို့ သူက ပြောပါတယ်။ သူက အစားအသောက်ကို များလွန်း၊ နည်းလွန်းအောင်မစားဘူး။ သင့်တင့်မျှတစွာ စားသောက်တာပါ။ အစိမ်းရောင်ဟင်းသီးဟင်းရွက်များများစားတာက သူ့အတွက်အရေးကြီးတဲ့အရာပါပဲတဲ့။ ခန္ဓာကိုယ်ကို ကောင်းကောင်းဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း သူက သက်သေပြနေတာပါ။

သူ ဘားတန်းပေါ်မှာ လူငယ်တစ်ယောက်လို ပေါ့ပါးသွက်လက်စွာ ကျွမ်းဘားကစားပြတာက အံ့ဩစရာကောင်းတဲ့စွမ်းဆောင်မှုတစ်ခုပါပဲ။ သူဟာ တစ်ပတ်ကို နှစ်ကြိမ်လောက်ပဲ ကျွမ်းဘားကစားပေးမဲ့ နေ့တိုင်း တစ်နာရီလောက် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်နေတုန်းပါပဲ။ အမြဲလိုလို လမ်းလျှောက်တာ၊ ရေကူးတာတွေလည်း လုပ်ပါတယ်။ ကျန်းမာရေးပြဿနာမရှိဘူးလို့လည်း အင်တာဗျူးတစ်ခုမှာ ဂျိုဟန်နာ ပြောခဲ့ပါတယ်။ ဘယ်လိုအားကစားပဲဖြစ်ဖြစ် သူတို့အတွက် အကောင်းဆုံးဖြစ်တဲ့ အားကစားကို ရှာဖွေဖို့ လူငယ်တွေကို သူက အကြံပြုထားပါတယ်။

Ref: Meet the World’s Oldest Active Gymnast, 97, Who Has No Plans to Retire Anytime Soon

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top