ချစ်သူသက်တမ်း ၁၀ နှစ်အကြာမှာ ရွှေလက်တွဲကြတော့မယ့် မင်းသားကင်ဝူဘင်းနဲ့ မင်းသမီးရှင်မင်အေ

marr.jpg

တောင်ကိုရီးယားထိပ်တန်းသရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသားကင်ဝူဘင်းနဲ့ မင်းသမီး ရှင်မင်အေတို့ဟာ ချစ်သူသက်တမ်း ၁၀ နှစ်အကြာမှာတော့ လက်ထပ်ကြတော့မှာဖြစ်ပါတယ်။ မင်းသားကင်ဝူဘင်းက နိုဝင်ဘာ ၂၀ ရက်နေ့မှာ လက်ရေးစာတစ်စောင်နဲ့ ပရိသတ်တွေကို အသိပေးခဲ့တာပါ။

လက်ရေးစာမှာ “အားလုံး နေကောင်းကြတယ်မလား။ ကျွန်တော်တို့ ရုတ်တရက်ကြုံတွေ့နေရတဲ့ ချမ်းအေးလှတဲ့ ရာသီဥတုကြောင့် အအေးမိတာမျိုးမဖြစ်ကြဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်မှာ အားနည်းချက်တွေရှိပေမဲ့ အမြဲတမ်းမယိမ်းယိုင်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့ အားပေးမှုတွေ ပြသခဲ့တဲ့ ကျွန်တော့်ရဲ့ပရိသတ်တွေကို အရင်ဆုံး ဒီသတင်းကိုမျှဝေချင်တဲ့အတွက် ဒီစာကို ရေးလိုက်ရတာပါ။ ကျွန်တော် လက်ထပ်တော့မှာပါ။ ကျွန်တော်နဲ့ အချိန်အကြာကြီးအတူရှိခဲ့တဲ့သူနဲ့ မိသားစုထူထောင်တော့မှာဖြစ်ပြီး အခုအတူတူ လျှောက်လှမ်းကြတော့မှာပါ။ ကျွန်တော်တို့ ပြန်တွေ့ဆုံကြတဲ့အထိ အမြဲတမ်း ကျန်းမာပျော်ရွှင်အောင်နေကြပါ။ ကျွန်တော် မြန်မြန်ပြန်လာမှာပါ။ အမြဲတမ်းကျေးဇူးတင်ပါတယ်” လို့ ရေးသားထားပါတယ်။

ဝူဘင်းနဲ့ မင်အေတို့ရဲ့အေဂျင်စီဖြစ်တဲ့ AM Entertainment ကလည်း “အချိန်ကြာကြီး တည်ဆောက်ထားတဲ့ဆက်ဆံရေးနဲ့ နက်ရှိုင်းလှတဲ့ယုံကြည်မှုအပေါ်အခြေခံပြီး ရှင်မင်အေနဲ့ ကင်ဝူဘင်းတို့ဟာ တစ်သက်တာလက်တွဲဖော်တွေဖြစ်လာဖို့ကတိပြုခဲ့ကြတာပါ။ သူတို့ရဲ့မင်္ဂလာပွဲကို ဒီဇင်ဘာ ၂၀ ရက်နေ့ကျ ဆိုးလ်မြို့မှာ မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ သီးသန့်ကျင်းပသွားမှာဖြစ်ပါတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ဘဝဆုံးဖြတ်ချက်ကို ချခဲ့တာဖြစ်လို့ သူတို့စုံတွဲကို နွေးထွေးတဲ့ပံ့ပိုးမှုနဲ့ ကောင်းချီးပေးကြဖို့ တောင်းဆိုပါတယ်။ နှစ်ယောက်လုံးက သရုပ်ဆောင်တွေအဖြစ် အလုပ်တွေဆက်လုပ်သွားမှာဖြစ်ပြီး ပရိသတ်တွေပြသခဲ့တဲ့ မေတ္တာတွေကို ပြန်လည်ပေးဆပ်ဖို့ ကြိုးစားသွားကြမှာပါ”လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဝူဘင်းနဲ့ မင်အေက အဝတ်အထည်ကုန်အမှတ်တံဆိပ်အတွက် အတူတူမော်ဒယ်လုပ်ရင်း ၂၀၁၅ ခုနှစ်အစောပိုင်းမှာ ပထမဆုံးဆုံတွေ့ခဲ့ကြပြီး အဲ့ဒီနှစ်ကုန်ပိုင်းမှာ သူတို့ရဲ့ဆက်ဆံရေးကိုအတည်ပြုခဲ့တာပါ။ ၂၀၁၇ ခုနှစ်မှာ ဝူဘင်းက နှာခေါင်းလည်ချောင်းကင်ဆာကို ခံစားခဲ့ရပြီး သရုပ်ဆောင်အလုပ်ကနေ ခဏအနားယူခဲ့ရပါတယ်။ အဲ့ဒီကာလအတွင်းမှာ မင်အေက ကင်ဆာရောဂါကုသမှုခံယူနေစဉ် သူ့ဘေးမှာ ရှိနေပြီး အဖော်ပြုပေးခဲ့ပါတယ်။ ဝူဘင်း ပြန်လည်ကောင်းမွန်လာခဲ့ပြီးတဲ့နောက် ၂၀၂၂ ခုနှစ်မှာ Our Blues ဇာတ်ကားနဲ့ အနုပညာအလုပ်ကို ပြန်လုပ်ခဲ့ပါတယ်။

Ref: Kim Woo-bin and Shin Min-a to marry on Dec 20 after a decade together

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top