ငှက်ဖျားရောဂါကြောင့် လူသန်းချီ သေဆုံးပြီး မျက်မှောက်ခေတ် ဆေးဝါးတွေကို ကုသမရနိုင်သေးချိန်မှာ တရုတ် ဆေးပညာရှင် အမျိုးသမီးတစ်ဦးက နှစ်ပေါင်း ၁၆၀၀ သက်တမ်းရှိတဲ့ ဆေးကျမ်းထဲကနေ ငှက်ဖျားဆေးကို ရှာဖွေဖော်စပ်နိုင်ခဲ့ပါတယ်။
၁၉၆၉ ခုနှစ်က ငှက်ဖျားရောဂါကြောင့် တစ်နှစ်အတွင်း လူတစ်သန်းကျော် သေဆုံးခဲ့ပြီး အနောက်တိုင်းဆေးဝါးတွေရဲ့ အာနိသင်ကလည်း ရောဂါကုသနိုင်လောက်အောင် မစွမ်းပါဘူး။ ငှက်ဖျားပိုးကလည်း ခုခံနိုင်စွမ်း အားကောင်းလာတယ်။ ယဉ်ကျေးမှုတော်လှန်ရေးကာလကစပြီး ကမ္ဘာ့သိပ္ပံအသိုင်းအဝိုင်းနဲ့ အဆက်အသွယ် ပြတ်ခဲ့တဲ့ တရုတ်နိုင်ငံကတော့ ရင်းမြစ် ရှားပါးပြီး ရွေးချယ်စရာလည်း နည်းပါးနေခဲ့ပါတယ်။
ဒီအချိန်မှာ ငှက်ဖျားရောဂါ ကုသနိုင်မယ့် ဆေးဝါးရှာဖွေဖို့အတွက် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်သုတေသနစီမံကိန်း (Project 523)ကို စတင်ခဲ့ပြီး အသက် ၃၉ နှစ်အရွယ် တရုတ်အမျိုးသမီး တုယုယုလည်း ပါဝင်ခဲ့ပါတယ်။ အခြားသူတွေက ဆေးဝါးအမျိုးအစားသစ်တွေ ရှာဖွေနေချိန်မှာ တုယုယုကတော့ ရှေးဟောင်းတရုတ်ဆေးကျမ်းတွေကို အားစိုက်ဖတ်ရှု လေ့လာခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ရှေးရာစုနှစ်ပေါင်းများစွာက တရုတ်တိုင်းရင်းဆေးကျမ်း ၂၀၀၀ ကျော်ကို ပြန်လည်ဖတ်ရှု လေ့လာခဲ့ကြပါတယ်။

ဒီလို ဖတ်ရှုရင်းနဲ့ အေဒီ ၃၅၀ မှာ ရေးသားပြုစုခဲ့တဲ့ ဆေးကျမ်းတစ်ခုထဲမှ စာသားတစ်ကြောင်းက တုယုယုရဲ့အာရုံကို ဖမ်းစားခဲ့ပါတယ်။ ထပ်ဖန်တလဲလဲ ဖျားနာခြင်းတွေကို ကုသဖို့ ချင်ဟောက်ပင်ကနေ ထုတ်ယူအသုံးပြုတယ်ဆိုတဲ့ စာသားပါပဲ။ အခြားသုတေသီတွေက ဒီနည်းလမ်းအတိုင်း စမ်းသပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့လွဲချော်နေတဲ့အချက်ကို တုယုယုက တွေ့ရှိခဲ့တယ်။
ရှေးဟောင်းဆေးကျမ်းထဲမှာ ရေးထားတာက ချင်ဟောက်ပင်ကို ရေအေးအေးနဲ့ စိမ်ထားပေးရမှာဖြစ်ပြီး သူတို့ကတော့ ရေနွေးနဲ့ ပြုတ်ခဲ့ကြတာပါ။ ရေနွေးနဲ့ပြုတ်လိုက်တဲ့အခါ ချင်ဟောက်ပင်မှာ ပါဝင်တဲ့ ဒြပ်ပေါင်းပျက်စီးသွားလို့ အာနိသင်မဲ့သွားတာ ဖြစ်ပါတယ်။ တုယုယုက ရှေးဟောင်းဆေးကျမ်းထဲကအတိုင်း တသဝေမတိမ်း လုပ်ဆောင်ခဲ့ပြီး ၁၉၇၁ ခုနှစ် အောက်တိုဘာလ ၄ ရက်မှာတော့ ချင်ဟောက်ပင်ရဲ့ ဒြပ်ပေါင်း(ချင်ဟောက်စု)ကို ထုတ်ယူနိုင်ခဲ့ပါတယ်။ စမ်းသပ်မှုတွေအရ အဲဒီဒြပ်ပေါင်းဟာ ငှက်ဖျားပိုးကို ရာနှုန်းပြည့် တိုက်ဖျက်နိုင်စွမ်း ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
တုယုယုဟာ လူနာတွေကို စမ်းသပ်ကုသမှုမလုပ်မီ သူကိုယ်တိုင် ငှက်ဖျားကူးစက်ခံပြီး ချင်ဟောက်စုနဲ့ စမ်းသပ်ကုသခဲ့တာပါ။ အဲဒီဆေးဝါးဟာ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကတိုက်မှ လူ့အသက်ပေါင်း သန်းချီကို ကယ်တင်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ငှက်ဖျားရောဂါဖြစ်ရင် အသက်ဆုံးရှုံးနိုင်ခြေများတဲ့ အသက် ၅ နှစ်အောက် ကလေးတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တာပါ။
၂၀၁၅ ခုနှစ်မှာတော့ အသက် ၈၅ နှစ်အရွယ်ရှိတဲ့ တုယုယုဟာ ဆေးဘက်ဆိုင်ရာ နိုဘယ်ဆု ဆွတ်ခူးခဲ့ပြီး တရုတ်အမျိုးသမီးတွေထဲမှာ ဆေးဘက်ဆိုင်ရာ နိုဘယ်ဆု ပထမဆုံး ဆွတ်ခူးသူ ဖြစ်လာခဲ့ပါတယ်။ ဆုလက်ခံ ရယူချိန်မှာ တုယုယုက သူ့ရဲ့အောင်မြင်မှုတစ်ရပ်လို မခံယူခဲ့ဘဲ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်စကားဆိုပြီး ရှေးဟောင်းတရုတ်ဆေးပညာရပ်ကို ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။
Ref: Tu Youyou
NZ (ရိုးရာလေး)

