စေတနာရောင်ပြန်ဟပ်ချိန်

lucky.jpg

ဘဝမှာ ပထမဆုံးအကြိမ် ကံစမ်းတဲ့ ထီလက်မှတ်ကနေ ပေါင်သန်း ၃၀ ထီဆုကြီး ဆွတ်ခူးသွားတဲ့ မိန်းကလေးက အသက် ၁၈ နှစ်အရွယ် ကနေဒါတက္ကသိုလ်ကျောင်းသူလေးပါ။ အဘိုးဖြစ်သူက ” ငါ့မြေးလေး အသက် ၁၈ နှစ်ပြည့်ပြီ။ ထီထိုးကြည့်ပါလား”ဆိုပြီး အကြံပေးလို့ ဂျူးလီးယက်လာမာက စတိုးဆိုင်ကနေ ထီ ထိုးခဲ့တာပါ။

ဒါပေမဲ့ သူက ထီတိုက်ဖို့ မေ့နေတယ်။ ဆုကြီးပေါက်တဲ့ ထီလက်မှတ်က သူတို့မြို့မှာ ရောင်းထားတာဆိုပြီး သတင်းတွေ့တော့မှ ဂျူးလီးယက်က ထီတိုက်ဖို့ သတိရခဲ့တာပါ။ ကနေဒါနိုင်ငံမြောက်ပိုင်း အွန်တာရီယိုပြည်နယ်မှာ နေထိုင်တဲ့ ဂျူးလီးယက်ဟာ ကနေဒါဒေါ်လာ ၄၈ သန်း ထီဆုကြီး ဆွတ်ခူးခဲ့တာဖြစ်ပြီး မီဒီယာတွေက သူ့အကြောင်း ရေးသားဖော်ပြကြတဲ့အခါ လွန်ခဲ့တဲ့ ၁၃ နှစ်က ဖြစ်ရပ်လေးတစ်ခုကိုပါ ဖော်ပြထားတယ်။

ဂျူးလီးယက် အသက် ၅ နှစ်ပြည့်ပြီး သိပ်မကြာခင်ပဲ ဟေတီနိုင်ငံမှာ ငလျင်အကြီးအကျယ် လှုပ်ခတ်ခဲ့ပြီး ငလျင်ဘေးသင့်သူတွေရဲ့ ဒုက္ခတွေအကြောင်း သူ သတင်းတွေ့လိုက်တယ်။ ဟေတီ ငလျင်ဘေးသင့်သူတွေအတွက် ကနေဒါကြက်ခြေနီအဖွဲ့က အလှူငွေကောက်ခံပေးမယ့်အကြောင်း သိလိုက်တဲ့အခါ ဂျူးလီးယက်တို့ ညီအစ်မနှစ်ယောက်က သူတို့စုထားတဲ့ စုဘူးလေးကို ဖောက်ပြီး လှူချင်တယ်လို့ သူ့အမေကို ပြောကြတယ်။ စုဘူးဖောက်လိုက်တော့ ၆၁.၃၈ ဒေါ်လာ ရတယ်။

သူတို့အတွက် တပြားတချပ်မှ ချန်မထားဘဲ စုထားတဲ့ငွေအားလုံးကို လှူခဲ့ကြတာပါ။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ဂျူးလီးယက်က ထီဆုကြီး ဆွတ်ခူးပြီး သန်းကြွယ်သူဌေး ဖြစ်သွားခဲ့တယ်။ လူတွေကတော့ ” ကောင်းတာလုပ်လို့ ကောင်းတာဖြစ်တယ်လို့ ပြောကြတယ်။ ဘာကြောင့် ထီပေါက်သလဲဆိုတာတော့ မပြောတတ်ပါဘူး။ အခုရလာတဲ့ ထီဆုကြေးငွေကိုလည်း အကျိုးရှိတဲ့နေရာတွေမှာ အသုံးပြုသွားမှာပါ”လို့ ဂျူးလီးယက်က ဆိုပါတယ်။ ဂျူးလီးယက်ဟာ အယ်ဂိုမာတက္ကသိုလ်မှာ ပညာသင်ယူနေပြီး ဆရာဝန်ဖြစ်ဖို့ ရည်မှန်းထားသူ ဖြစ်ပါတယ်။

Ref: At 5 Years Old, She Donated Her Piggy Bank To Help Others. At 18, She Wins $48M Jackpot

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top