အကာ

fresh-eggs-and-yolk-PAH7BD2.jpg

တစ်ခုသော တနင်္ဂနွေနေ့ကဖြစ်သည် ကျွန်တော်နှင့် သူငယ်ချင်းကျောင်းဆရာလေးတို့လည်း ပျံကျဈေးတစ်ခုအတွင်းမှ ဖြတ်လျှောက်လာခဲ့ရာ ကြက်ဥရောင်းသောဆိုင်တစ်ခုတွင် အကာကွဲနေသော ကြက်ဥကလေးများအား လျှောဈေးဖြင့် ရောင်းချနေလေ၏။ ထိုဆိုင်လေးတွင် ကြက်ဥများကို ဝယ်ယူသူများလည်း ပလပ်စတစ်အိပ်အတွင်းသို့ ကြက်ဥအနှစ်များကိုသာထည့်ပြီး အကာများကို ပြစ်ထုတ်လိုက်တော့သည်။ ကျွန်တော်လည်း ထိုမြင်ကွင်းကြောင့် အကာနှင့် အနှစ်အကြောင်း တွေးမိတော့သည်။

လောကတွင် အနှစ်ဆိုသော စကားလုံးသည် အကာ ဆိုသည့်စကားလုံးရှိမှ တင့်တယ်ပေလိမ်မည်၊ လူတိုင်းက အနှစ်ရဲ့ တန်ဖိုးအတွက် အကာရှိဖို့လိုတယ် ဆိုတဲ့ အတွေးကို တွေးမိလာသည်။ထိုအခါ အကာ၏ တန်ဖိုးကိုလည်း သိလာရလေသည်။ ကြက်ဥအနှစ်သည် အဟာရတန်ဖိုးများရှိသဖြင့် တန်ဖိုးတစ်ခုရှိသည်မှန်သော်လည်း ထိုအနှစ်၏တန်ဖိုးသည် အကာကိုအမှီပြုပြီး ဖြစ်နေခြင်းဖြစ်လေသည်။ အဖိုးထိုက်တန်သည့် ကျောက်စိမ်းတုံးကြီးသည်လည်း အကာများဖြင့် ဖုန်းကွယ်ထားသော အနှစ်ဖြစ်လေသည်။ ထို အဖိုးတန်လှသည့်ဆိုသော အနှစ်ကို အကာအရံပြုရသည် အဖိုးတန်အကာပင်ဖြစ်သည်။ အကာနှင့် အနှစ်သည် တစ်ခုနှင့်တစ်ခု အမှီပြုနေကြရခြင်းသာဖြစ်ကြောင်း တွေးမိပြန်သည်။

အိမ်တစ်လုံးသည်လည်း အတွင်းရှိ အဖိုးတန်ပစ္စည်းများ လုံခြုံစိတ်ချရစေဖို့ ခိုင်ခံသော အကာအရံများလိုအပ်လေသည်။ ထိုအကာအရံကြောင့် အတွင်းရှိ အဖိုးတန်ပစ္စည်းများ တန်ဖိုးတက်ရသလို့ သူခိုး၊ ဓါးပြ စသည့်တို့ရန်မှလည်း ကင်ဝေနေခြင်းဖြစ်သည်။ ဘဏ်၊ ငွေတိုက်တို့ရှိ ငွေနှင့် အဖိုးတန်ပစ္စည်းများသည်လည်း မိးခံသေတ္တာကဲ့သို့ အကာအရံကောင်းများကြောင့် မသမာသူတို့ရန်မှ ကင်းဝေနေခြင်းဖြစ်သည်။ အကာဆိုရာတွင် မြင်တွေ့ရသော သက်မဲ့ အကာအရံများရှိသကဲ့သို့ သက်ရှိ အကာအရံများလည်း ရှိပါသေးသည်၊ နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးဟုဆိုရလျှင် ထိုကာကွယ်ရေး အကာအရံသည် ထိုနိုင်ငံအတွင်းရှိ ပြည်သူတို့နှင့် သူတို့၏ ပစ္စည်း ဥစ္စာတို့အတွက် သက်ရှိ အကာအရံဖြစ်သည်။ထိုအကာအရံကြောင့် အနှစ်ဖြစ်သည့် ပြည်သူတို့ လုံခြုံရလေသည်။ ထို့ကြောင့် အကာဆိုသည် စကားလုံးသည် တန်ဖိုးမဲ့သော စကားလုံးတစ်ခုအဖြစ် မမှတ်ယူသင့်ပေ။ထိုအကာရှိနေသောကြောင့် တန်ဖိုးရှိသော အနှစ်များ လုံခြုံစိတ်နေရလေသည်။

တရားတော်များကို ပြန်ကြည့်ရလျှင် လူ၏ ခန္ဓာသည် အရေပါး အကာအရံကြောင့် လှပခြင်း၊ တင့်တယ်ခြင်း၊ ဖြူခြင်း၊ မဲခြင်း တို့ဖြစ်ပေါ်ထင်မြင်နေရပြီး ထိုအကာအရံကို အမှန်မြင်နေခြင်းကြောင့် လူတို့ လောဘ၊ ဒေါသတို့ ဖြစ်နေပြီး တရားထူးရရှိသူ နည်းပါးကြောင်း ဖတ်မှတ်ရဖူးလေသည်။ ထိုအကာကို ထိုးဖောက်သော ပညာမျက်စိဖြင့် ကြည့်မြင်ပါက ခန္ဓာ၏ ဖြစ်ပျက် မတည်မြဲကြောင်းတရားကို သိရှိပြီး တရားထူးကို ရရှိနိုင်သည်ဟု သိရလေသည်။ ထို့ကြောင့် အကာကိုအကာ အနှစ်ကိုအနှစ် မြင်ကြည့်တတ်ရန် လိုအပ်လှကြောင်း တွေးနေမိပြန်သည်။ အကာနှင့် အနှစ်တို့၏ တန်ဖိုးဆိုသည်မှာ တစ်ခုနှင့်တစ်ခု အမှီပြုနေကြရသည်ဖြစ်သောကြောင့် တန်ဖိုးရှိသော အနှစ်တို့နှင့်အတူ တန်ဖိုးရှိသော အကာများဖြစ်ကြောင်း တွေးနေမိသည်။ ဆက်လက်တွေးနေ ရမည်ဆိုပါက အကာနှင့် အနှစ်၏အကြောင်းအရာတို့သည် များစွာရှည်လျားနေပေတော့မည်။

ကျွန်တော်နှင့် သူငယ်ချင်းလည်း အကာနှင့် အနှစ်၏အကြောင်းကို ဆွေးနွေးရင်း အကာ၏ တန်ဖိုးအကြောင်းကို ကိုယ်အမြင် သူအမြင် ဆက်လက်ပြောဆိုနေမိပြန်ပါတော့သည်။

လေပြေမောင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top