စိတ်တိုနေတဲ့ သူတွေနဲ့ ဆက်ဆံ ပြောဆိုဖို့ နည်းလမ်း (၅) သွယ်

caucasian-topless-man-yelling-over-green-vintage-PJMFPDQ.jpg

စိတ်တိုတတ်တဲ့ လူတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိတတ်ကြပါတယ်။ ထစ်ခနဲရှိ စိတ်တိုနေတဲ့ သူတွေ၊ စိတ်ဆိုးမာန်ဆိုးနဲ့ အော်ဟစ်တတ်သူတွေရဲ့ အနားမှာ ရှိနေရတာ အဆင်မပြေလှပါဘူး။

ဒါပေမယ့် တစ်ခါတစ်လေမှာ ကျွန်တော်တို့ အနေနဲ့ အဲဒီ လူတွေကို မဖြစ်မနေ စကားပြောဆို ဆက်ဆံရမယ့်အခါတွေ ရှိလာတတ်ပါတယ်။ ဒီလို အခါမျိုးမှာ အကောင်းဆုံး အဆင်အပြေဆုံးဖြစ်အောင် ဘယ်လိုဆက်ဆံနိုင်မလဲ။ “Psychology Today” website မှာ ဖော်ပြထားတဲ့ နည်းလမ်း (၅) ချက်ကို စာဖတ်သူတွေအတွက် မျှဝေပေးလိုက်ရပါတယ်။

၁။ သူ အဲဒီလို စိတ်တိုနေတာ အကြောင်းအရင်း ခြေခြေမြစ်မြစ် ရှိသလား သုံးသပ်ပါ

ဒီလို ဘာလို့ သုံးသပ်ကြည့်ရမလဲဆိုတော့ တစ်ခါတစ်လေမှာ မှားတဲ့ သူက ကျွန်တော်တို့ ကိုယ်တိုင် ဖြစ်နေပြီး တစ်ဖက်လူအပေါ် အလျင်စလို အပြစ်တင်မိတာမျိုး ဖြစ်နိုင်လို့ပါ။ ဆိုကြပါစို့ … ကျွန်တော်က ဆိုင်တစ်ဆိုင်ဆိုင်မှာ လူတစ်ယောက်အပေါ် အအေးတွေ မှောက်ချ မိမယ်ဆိုရင် သူ ကျွန်တော့်ကို စိတ်တိုတော့မှာ အသေအချာပါပဲ။ သူ့မှာ စိတ်တိုစရာ လုံလောက်တဲ့ အကြောင်းအရင်း ရှိတဲ့အတွက် တောင်းပန်ရမယ့် လူဟာ ကျွန်တော် ဖြစ်နေပါပြီ။ အဲဒီအခါမျိုးမှာ ဒီလိုဖြစ်ရတဲ့အတွက် စိတ်မကောင်းဖြစ်ကြောင်း ပြောရင်း၊ ပြေရာပြေကြောင်း တောင်းပန်ရင်း အော်ဟစ် ဒေါသထွက်နေတာကို လျှော့ဖို့ ပြောရမှာပါ။

၂။ တည်တည်ငြိမ်ငြိမ် နေပါ (အနည်းဆုံး တည်ငြိမ်နေတဲ့ ပုံ ဖမ်းထားပါ)

စိတ်တိုနေတဲ့ လူတစ်ယောက်နဲ့ ဆက်ဆံတဲ့ နေရာမှာ အရေးအကြီးဆုံး အချက်က တည်တည်ငြိမ်ငြိမ် နေပြဖို့ပါပဲ။ ဒီနေရာမှာ တည်ငြိမ်တယ်ဆိုတာ အော်ဟစ်တာတွေ၊ ဆူပူအသံထွက်တာတွေ မလုပ်ဖို့ပါ။ လူတွေက တခြားလူတွေနဲ့ စကားပြောတဲ့အခါ လေသံ အတိုးအကျယ်၊ အနေအထားတွေ လိုက်ညှိတတ်တဲ့ အကျင့်ရှိကြတယ်။ သင်သာ အေးအေးဆေးဆေးနဲ့ စကားကို အချိန်တစ်ခုထိ ထိန်းပြောနိုင်နေရင် တစ်ဖက်လူလည်း သင့်အတိုင်း လိုက်ပြောလာနိုင်မှာ အသေအချာပေါ့။

၃။ လူကို ဦးတည် မတိုက်ခိုက်ပါနဲ့

စိတ်တိုတဲ့ လူတွေနဲ့ စကားပြောတဲ့ အခါ သူတို့ကို တိုက်ခိုက်သလို စကားတွေ ပြောမိမယ်ဆိုရင် ရန်အကြီးအကျယ်ဖြစ်လာနိုင်ချေ ရှိပါတယ်။ “မင်းက အမြဲ စိတ်တိုမယ်ဆိုတာချည်းပဲ“ ဆိုတာ ပြောမယ့်အစား “အေးအေးဆေးဆေး ပြောကြရအောင်ဗျာ“ ဆိုတာမျိုး ပြောကြည့်ပါ။ “ခင်ဗျား မှားနေပြီ“ လို့ မပြောဘဲ “ကျွန်တော်တို့ တစ်ချက် ပြန်သုံးသပ်ကြည့်ရအောင်“ ဆိုတာမျိုး ပြောပါ။

၄။ ဘယ်အချိန် စကားစ ဖြတ်ရမလဲ ဆိုတာ သိပါ

အဲဒီလူတွေနဲ့ စကားပြောနေရင်းနဲ့ အချေအတင်ဖြစ်နေတဲ့ ကိစ္စထဲက သင် ထွက်မြောက်နိုင်တဲ့ နေရာတွေ ရောက်လာတတ်ပါတယ်။ ဖြစ်နိုင်ရင်တော့ အဲဒီအခွင့်အရေးကို အသုံးချပြီး စကားလမ်းကြောင်းကို ပေါ့ပေါ့ပါးပါး အကြောင်းအရာတွေဆီ လွှဲပစ်ဖို့၊ ဒါမှမဟုတ် စကားစ ဖြတ်လိုက်ဖို့ လုပ်သင့်ပါတယ်။

၅။ အန္တရာယ်ကင်းအောင် နေပါ

နောက်ဆုံးအချက်ဖြစ်ပေမယ့်လို့ အရေးအကြီးဆုံးအချက်ပါ။ စိတ်တိုနေတဲ့ လူတိုင်းဟာ အန္တရာယ်ပြုတတ်သူတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် သူတို့ စိတ်တိုချိန်မှာ တခြားသူတွေကို ထိခိုက်အောင် လုပ်မိနိုင်ချေ များပါတယ်။ ဒါကြောင့် အန္တရာယ် အငွေ့အသက် တစ်ခုခု ရတာနဲ့ သင့်မှာ အနာတရ မဖြစ်အောင် သတိထားပြီး ရှောင်တိမ်းပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top