ဗုဒ္ဓဒေသနာလာ လူမှုဘဝကြီးပွားချမ်းသာရေး နည်းလမ်းခြောက်ဖြာ

lotus-flower.jpg

လူမှုဘဝ လူ့လောကမှာ လူရယ်လို့ဖြစ်လာပြီဆိုတာနဲ့ မကြီးပွားချင်၊ မတိုးတက်ချင်တဲ့သူရယ်လို့ မရှိပါဘူး။ ငယ်ရွယ်စဉ်အချိန်ကစပြီး ဘဝတစ်လျှောက်လုံးလိုလို ကြီးပွားချမ်းသာတဲ့ ဘဝတွေ ဖမ်းဆုပ်ပိုင်ဆိုင်နိုင်ကြဖို့ မျှော်လင့်အိပ်မက်မက်ကြရင်း စွမ်းနိုင်သမျှ ကြိုးစား၊ အားထုတ်နေကြရပါတယ်။ လောကလူသားများအနေနဲ့ မိမိတို့ဘဝ ကြီးပွားချမ်းသာရေး နည်းလမ်းတွေကို ရှာဖွေကြိုးကုပ် အားထုတ်လုပ်ဆောင်ကြတဲ့ နေရာမှာလည်း ဆိုင်ရာဆိုင်ရာ အောင်မြင်သူများ၊ ပညာရှင်များရဲ့ ကြီးပွားရေး လမ်းညွှန်ချက်တွေကို လေ့လာ၊ အတုယူကြရပါတယ်။

ဒီကနေ့ခေတ်မှာ လူမှုဘဝ အောင်မြင်တိုးတက်ရေးဆိုင်ရာ နည်းလမ်းတွေ၊ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းနဲ့လမ်းညွှန် ဟောပြောချက်တွေ၊ လူငယ်များအတွက် တက်ကျမ်းတွေ ထွက်ပေါ်၊ ခေတ်စားလာပေမယ့် ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘုရားရှင်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆ဝဝ လောက်ကတည်းက ကြီးပွားနိုင်ကြောင်း နည်းလမ်းကောင်းတွေကို ဟောကြားထားခဲ့ပြီးသား ဖြစ်ပါတယ်။

ဗုဒ္ဓရဲ့တရားတော်တွေဟာ လောကထဲက လွတ်မြောက်ရာလမ်းဖြစ်တဲ့ လောကုတ္တရာရေးရာတွေတင် မဟုတ်ပါဘူး။ လူမှုဘဝနယ်ပယ်မှာ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ် ….စတဲ့ နေထိုင်ရေး၊ စားသောက်ရေး၊ ပေါင်းသင်းဆက်ဆံရေးတို့အပြင် လောကီရေးရာ ကြီးပွားချမ်းသာကြောင်း နည်းလမ်းကောင်းတွေကိုလည်း အသက်အရွယ်အလိုက် အချိန်အခါလိုက် ဟောကြား လမ်းညွှန်ထားခဲ့တာ တွေ့ရမှာပါ။ဒီနေရာမှာတော့ အသက် ၇ နှစ်အရွယ် သူဌေးသားငယ်ရဲ့အမေးကို အကြောင်းပြုပြီး ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ကြီးပွားနိုင်ကြောင်း နည်းလမ်းကောင်းခြောက်ဖြာကို ပြန်လည်မျှဝေချင်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၆ဝဝ ဝန်းကျင်၊ သာဝတ္ထိပြည်မွန်၊ ဇေတဝန်ကျောင်းတော်မှာ ဘုရားရှင် သီတင်းသုံးနေတော်မူစဉ်က ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက သာဝတ္ထိပြည်သူဌေးတစ်ဦးမှာ အသက် ၇ နှစ်အရွယ် သားငယ်တစ်ဦးရှိပြီး တစ်နေ့မှာတော့ ဖခင်သူဌေးကို သားလုပ်သူက မေးလာပါတယ်။ ‘လောကမှာ ကြီးပွားတိုးတက်ချမ်းသာကြောင်း တရားတွေက ဘာတွေပါလဲ’လို့မေးတဲ့ ခုနစ်နှစ်အရွယ်သားငယ်ရဲ့ အမေးကို ဖခင်သူဌေးက မဖြေနိုင်တာကြောင့် ဘုရားရှင်ထံခေါ်လာခဲ့ပြီး မေးလျှောက်ချိန်မှာ ဗုဒ္ဓဘုရားရှင်က ကြီးပွားနိုင်ကြောင်း နည်းလမ်းကောင်း ခြောက်ဖြာကို ဟောကြားခဲ့တာပဲဖြစ်ပါတယ်။

(၁) ကျန်းမာရေးကောင်းမွန်ရမယ်

‘ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါး’ဆိုတဲ့စကား အားလုံး ကြားဖူးပြီးသားပါ။ လူတစ်ယောက် ကိုယ်လုပ်ချင်တဲ့အရာတွေကို စိတ်သွားတိုင်း ကိုယ်ပါ လုပ်ဆောင်နိုင်စွမ်း ရှိဖို့ရာအတွက် ကျန်းမာရေးကိစ္စဟာ သိပ်ပြီးအရေးပါလှပါတယ်။ ဒီအတွက် ခုနစ်နှစ်အရွယ် သူဌေးသားငယ်ကို ဟောကြားခဲ့တဲ့ ကြီးပွားနိုင်ရေး အကြောင်းခြောက်ပါးထဲမှာ ‘ကျန်းမာရေးကောင်းအောင် ကြိုးစားရမယ်’ဆိုတဲ့အချက်ကို ပထမဆုံးအနေနဲ့ ဘုရားရှင်က ဟောကြားခဲ့တာပဲဖြစ်ပါတယ်။တကယ်တမ်းတော့ ကျန်းမာရေး မကောင်းဘူးဆိုရင် ကြီးပွားတိုးတက်အောင် စွမ်းဆောင်နိုင်ဖို့ မဆိုထားပါနဲ့ဦး။ ကိုယ့်မှာရှိပြီးသား စည်းစိမ်ဥစ္စာတွေ သုံးပြီး စားချင်တာစား၊ သွားချင်တာသွား၊ လုပ်ချင်တာတွေ လုပ်ဖို့တောင် ကျန်းမာရေးချို့တဲ့နေရင် အဆင်မပြေလှပါဘူး။ ဒီအတွက် အောင်မြင်ချင်တယ်၊ ကြီးပွားချင်တယ်ဆိုရင် အရင်ဆုံး ကိုယ့်ရဲ့စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေး ကောင်းမွန် သန်မာနေအောင် ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။

(၂) ကိုယ်ကျင့်သီလ ပြည့်ဝနေရမယ်

လောကလူသားများအနေနဲ့ မိမိတို့ဖြစ်ချင်တဲ့ မျှော်လင့်အိပ်မက်တွေကို အကောင်အထည်ဖော်ပြီး ရေရှည်တိုးတက်အောင်မြင်မှုတွေ ရယူချင်တယ်ဆိုရင် ကိုယ်ကျင့်သီလ ကောင်းမွန်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။လူတစ်ယောက်ဟာ သူ့အရည်အချင်းရှိလို့ နေရာတစ်နေရာကို ရထားတယ်ဆိုပေမယ့် ကိုယ်ကျင့်သီလ မကောင်းမွန်ဘူး၊ ကိုယ်ကျင့်တရား မရှိဘူးဆိုရင် လုပ်ငန်းပိုင်းမှာ ဘယ်လောက်ပဲ ကျွမ်းကျင်မှုရှိနေပါစေ၊ လွဲချော်မှု၊ မှားယွင်းမှုတွေနဲ့ အပုပ်နံ့ထွက်ပြီး ကျဆုံးတတ်ပါတယ်။ဒါကြောင့် ကြီးပွားချမ်းသာရေး နည်းလမ်းခြောက်ဖြာထဲမှာ ကိုယ်ကျင့်သီလကောင်းမွန်ရမယ်ဆိုတာပါဝင်ပြီး မိမိတို့ရဲ့ဘဝမှာ ကိုယ်လုပ်ကိုင်နေတဲ့အရာတွေ အောင်မြင်လာဖို့အတွက် ကိုယ်ကျင့်သီလက များစွာအထောက်အကူပြုတယ်ဆိုတာ ယုံကြည်၊ ကျင့်သုံးလိုက်နာကြဖို့ပါပဲ။

(၃) ပညာရှိတွေရဲ့စကား မှတ်သားနာယူရမယ်

လောကမှာ ကြီးပွားတိုးတက် ချမ်းသာချင်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာ ပညာရှိ၊ သူတော်ကောင်းတွေရဲ့စကားကိုလည်း မှတ်သားနာယူ၊ နားထောင် လိုက်နာတတ်ဖို့ လိုအပ်ပါသေးတယ်။ ပညာဆိုတာ ‘အမှားနဲ့အမှန်၊ အဆိုးနဲ့အကောင်း၊ အကျိုးနဲ့အကြောင်းကို ဝေဖန်ပိုင်းခြားတတ်ခြင်း’ကိုဆိုလိုပြီး လူမှုဘဝမှာ လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်၊ ရှောင်ကြဉ်သင့် ရှောင်ကြဉ်ထိုက်တာတွေကို ပညာရှိ၊ သူတော်ကောင်းတွေက လမ်းညွှန် ဆုံးမတတ်ကြပါတယ်။လောကီရေးရာ ကြီးပွားချမ်းသာရေးအတွက် ပညာရှိတွေရဲ့ အဆုံးအမ၊ လမ်းညွှန်ချက်တွေကို အကျဉ်းချုပ်လိုက်မယ်ဆိုရင်တော့ မကောင်းတဲ့ အကုသိုလ်အလုပ်တွေ မလုပ်ဖို့နဲ့ ကောင်းတဲ့ ကုသိုလ်တွေ လုပ်ကိုင်ကြဖို့ လိုရင်းဆိုတာ တွေ့ရပါလိမ့်မယ်။ ဒီအတွက် တိုးတက်အောင်မြင် ကြီးပွားချမ်းသာချင်တယ်ဆိုရင် ပညာရှိတွေရဲ့ စကားကိုလည်း မှတ်သား၊ နာယူကြရမှာပါ။

(၄) အကြားအမြင် ဗဟုသုတ ပြည့်ဝရမယ်

လောကီရေးရာ လူမှုနယ်ပယ်မှာ စီးပွားရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပဲဖြစ်ဖြစ်၊ ပညာရေးပဲဖြစ်ဖြစ် လုပ်ကိုင်ဆောင်ရွက်ကြတာချင်း အတူတူဆိုရင် အကြားအမြင်၊ ဗဟုသုတရှိသူက ပိုပြီးတော့ အသုံးတည့်၊ အားကိုးလို့ရတယ်ဆိုတာ ငြင်းမရပါဘူး။ဒါကြောင့် ဘဝမှာ ကြီးပွားတိုးတက်ချင်တယ်ဆိုရင် အကြားအမြင် ဗဟုသုတလည်း ရှိရမယ်လို့ သာဝတ္ထိသူဌေးသားငယ်ကို ဗုဒ္ဓဘုရားရှင်က လမ်းညွှန်ဆုံးမခဲ့တာပါ။လူတစ်ယောက်ဟာ မိမိဘဝ တိုးတက်အောင်မြင်ရေးအတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး …စတဲ့ နယ်ပယ်တိုင်း၊ နေရာတိုင်းနဲ့ပတ်သက်ပြီး အကြားအမြင် ဗဟုသုတ ပြည့်ဝနေမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ နေရာတိုင်းမှာ တီးမိခေါက်မိရှိပြီး အကြားအမြင်ရှိနေဖို့ မလွယ်ကူဘူးဆိုရင်တောင် ကိုယ်လုပ်ကိုင် ဆောင်ရွက်နေတဲ့ လုပ်ငန်းနယ်ပယ်နဲ့ ပတ်သက်တာကိုတော့ မဖြစ်မနေ သိထားတတ်ထားမှပဲ အဆင်ပြေပါလိမ့်မယ်။ ကိုယ်လုပ်နေတဲ့ အလုပ်မှာ လုပ်ငန်းသဘော မကျွမ်းကျင်ဘူးဆိုရင် မအောင်မြင်နိုင်၊ မကြီးပွားနိုင်ဘူးဆိုတာ လက်တွေ့ကျလှပါတယ်။

(၅) တရားသဘောကို အစဉ်လိုက်ရမယ်

‘မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင်စိတ်ကို ထား’ဆိုတာ ပွင့်တော်မူပြီးသမျှ ဘုရားရှင်တိုင်း လမ်းညွှန်ပြသွားတဲ့ အဆုံးအမစကားဖြစ်ပါတယ်။ လောကမှာ ကြီးပွားချမ်းသာချင်သူများဟာ ‘တရားသဘောကို အစဉ်လိုက်ရမယ်’ဆိုတဲ့အချက်ကိုလည်း မှတ်သား၊ နာယူဖို့ လိုအပ်ပါသေးတယ်။ တရားသဘောကို အစဉ်လိုက်ရမယ် ဆိုတာကတော့ တခြားမဟုတ်ပါဘူး။ သုစရိုက်ဖြစ်တဲ့ ကောင်းသော ကုသိုလ်တရားတွေကို လိုက်နာကျင့်သုံးပြီး မကောင်းသော အကုသိုလ် ဒုစရိုက်တွေကို ရှောင်ကြဉ်သွားကြဖို့ပါ။တစ်နည်းအားဖြင့်တော့ ကာယကံနဲ့ကျူးလွန်တဲ့ ကာယဒုစရိုက် သုံးပါး၊ ဝစီကံနဲ့ ပြစ်မှားမိတဲ့ ဝစီဒုစရိုက်လေးပါး၊ မနောကံနဲ့ ကြံစည်မိတဲ့ မနောဒုစရိုက် သုံးပါး၊ ဒုစရိုက်ဆယ်ပါး အကုသိုလ်တရားတွေကို ရှောင်ကြဉ်ပြီး ဆန့်ကျင်ဘက်ဖြစ်တဲ့ သုစရိုက်တရားတွေ လိုက်နာကျင့်ကြကြဖို့ ဖြစ်ပါတယ်။ ဒီလိုမျိုး တရားသဘောကို အစဉ်လိုက်ခြင်းဟာလည်း ကြီးပွားနိုင်ကြောင်း နည်းလမ်းကောင်းတစ်မျိုးပါပဲ။

(၆) တွန့်ဆုတ် တွန့်ဆုတ် မလုပ်ရပါဘူး

ဘဝမှာ သူတကာထက် ကြီးပွားတိုးတက် အောင်မြင်ချင်သူများအနေနဲ့ ကျန်းမာရေးကောင်းရမယ်၊ ကိုယ်ကျင့်သီလ ပြည့်ဝရမယ် …စတဲ့ လုပ်ဆောင်ရမယ့်အချက် ၅ ချက်ကို ထုတ်ပြပြီးတဲ့နောက်မှာတော့ ရှောင်ကြဉ်ရမယ့်အချက်တစ်ချက်ကို ဘုရားရှင်က ထည့်သွင်းဖော်ပြ ဆုံးမထားတာတွေ့ရပါတယ်။ အဲဒီတစ်ချက်က ကြီးပွားချမ်းသာချင်သူဟာ အလုပ်တစ်ခု လုပ်တဲ့နေရာမှာ တွန့်ဆုတ်မနေရဘူးဆိုတာပါ။’ တွန့်ဆုတ် တွန့်ဆုတ် မလုပ်ရဘူး’ ဆိုတဲ့စကားရဲ့ အဓိကလိုရင်းကတော့ ပျင်းရိ လေးလံ မနေရဘူးလို့ ဆိုလိုချင်တာပါပဲ။ လူသားဆိုတာ လုံ့လဝီရိယကို မှီပြီး အသက်မွေးရတဲ့ အမျိုးဖြစ်တာကြောင့် ကိုယ့်ရဲ့အလုပ်မှာ နိုးနိုးကြားကြား ကြိုးကြိုးစားစား ရှိနေရတာကိုက လူပီသတဲ့ လူသားတွေရဲ့ ဘုံဘဝဓမ္မတာတစ်ခု ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ တွန့်ဆုတ်တွန့်ဆုတ်၊ ပျင်းပျင်းရိရိနဲ့ အချိန်ဖြုန်းနေမယ်ဆိုရင်တော့ ကြီးပွားချမ်းသာမှုနဲ့ ဝေးကွာဖို့ရာ သေချာလှပါတယ်။ဗုဒ္ဓဒေသနာ တရားတော်လာ လူမှုဘဝ ကြီးပွားရေးနည်းလမ်းခြောက်ဖြာကို ကျင့်သုံးလိုက်နာ၊ ကြီးပွားချမ်းသာနိုင်ကြပါစေဗျာ။

မိုးအောင်လင်းနိုင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top