လက်တွေ့ဘဝထဲက ဖြစ်ရပ်မှန်တချို့ဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေထက်တောင် ပိုပြီး ထူးဆန်းအံ့သြဖွယ် ကောင်းနေပါတယ်။ ၁၉၉၅ ခုနှစ်က အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာ နေထိုင်သူ ဆွန်နီဂရေဟမ်ဆိုတဲ့ အမျိုးသားက နှလုံးအစားထိုး ခွဲစိတ်ကုသမှု လုပ်ခဲ့တယ်။ သူ့ကို နှလုံးလှူပေးခဲ့သူကတော့ အသက် ၃၃ နှစ်အရွယ် အမျိုးသား တာရီကော့တယ်ပါ။ တာရီကော့တယ်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပြီး သူလှူဒါန်းခဲ့တဲ့နှလုံးကို ဆွန်နီဂရေဟမ်ဆီမှာ အစားထိုးခွဲစိတ်ကုသမှု လုပ်ခဲ့တာ ဖြစ်ပါတယ်။
ခွဲစိတ်မှု အောင်မြင်ခဲ့ပြီးနောက်မှာ ဆွန်နီက သူ့အသက် ကျေးဇူးရှင် တာရီကော့တယ် မိသားစုကို စာပို့ပြီး ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ဒီစာဟာ တာရီကော့တယ်ရဲ့ ကျန်ရစ်သူဇနီးသည် ချယ်ရီဆီ ရောက်ရှိသွားခဲ့ပါတယ်။ ဆွန်နီနဲ့ ချယ်ရီဟာ စာချင်း အဆက်အသွယ်၊ လူချင်း တွေ့ဆုံမှုတွေကနေ တစ်စထက်တစ်စ ရင်းနှီးလာပြီး တစ်ဦးနဲ့တစ်ဦး သံယောဇဉ်ချည်နှောင်မိတာကြောင့် လက်ထပ်လိုက်ကြပါတယ်။
သူတို့ရဲ့ အိမ်ထောင်ရေးဟာ သာယာပျော်ရွှင်ဖွယ် ဖြစ်ခဲ့ပေမဲ့ မမျှော်လင့်တဲ့ အနေအထားနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ ဆွန်နီဟာ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ အဆုံးစီရင်သွားခဲ့တာပါ။ နှလုံးအလှူရှင် တာရီကော့တယ်ကလည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တာဖြစ်လို့ ဒီဖြစ်ရပ်က စုံစမ်းစစ်ဆေးသူတွေ၊ ဆရာဝန်တွေ၊ စိတ်ပညာရှင်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
အစားထိုးထည့်သွင်းတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ မူလပိုင်ရှင်ရဲ့ သိမှု၊ စရိုက်လက္ခဏာတွေကို သယ်ဆောင်လာတယ်ဆိုတဲ့ အထောက်အထားမျိုး သိပ္ပံနည်းကျ ပြသနိုင်ခြင်း မရှိပေမဲ့ အခုလို တိုက်ဆိုင်မှုကလည်း အံ့အားသင့်စရာ ဖြစ်နေပြန်ပါတယ်။
Ref: The Heart that Lived Twice: The Case of Sonny Graham and Terry Cottle
NZ (ရိုးရာလေး)

