ကပ်ဘေးကာလမှာ ကျောမွဲတွေ ပိုဆင်းရဲပြီး အချမ်းသာဆုံးပုဂ္ဂိုလ်တွေ ၂ ဆ ပိုချမ်းသာလာလို့ ဆို

16-2-2022-yyl2.jpg

ကပ်ရောဂါကြောင့် ဆင်းရဲနွမ်းပါးသူ ပိုများလာခဲ့ပေမဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေကတော့ အရင်ကထက် ၂ ဆ ပိုချမ်းသာလာခဲ့တယ်လို့ Oxfam ရဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေမှာ ဝင်ငွေနည်းပါးမှုကြောင့် နေ့စဉ်နေ့တိုင်း လူ ၂၁၀၀၀ သေဆုံးနေရတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ယောက်ရဲ့ အသားတင်ချမ်းသာကြွယ်ဝမှုကတော့ ၂၀၂၀ ပြည့်နှစ် မတ်လနောက်ပိုင်း ၂ ဆကျော် တိုးပွားလာခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကမ္ဘာ့စီးပွားရေးညီလာခံ စတင်ကျင်းပချိန်မှာပဲ Oxfam က ကမ္ဘာလုံးဆိုင်ရာ သာတူညီမျှမရှိမှုအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။ ” ပိတ်ဆို့မှုစည်းမျဉ်းတွေ၊ နိုင်ငံတကာကုန်သွယ်မှု ကျဆင်းခြင်း၊ နိုင်ငံတကာ ခရီးသွားလာမှု လျော့ကျခြင်းတွေကြောင့် ကမ္ဘာ့လူဦးရေရဲ့ ၉၉ ရာခိုင်နှုန်းက ကပ်ရောဂါကာလမှာ ပိုဆိုးတဲ့အခြေအနေ ကြုံနေရပေမဲ့ နေ့စဉ်နေ့တိုင်းနီးပါး ဘီလျံနာအသစ်တွေ ထွက်ပေါ်နေပါတယ်။ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက် ရောက်ခဲ့သူကတော့ သန်းပေါင်း ၁၆၀ ကျော် ရှိပါတယ် ” လို့ Oxfam GB ရဲ့ အမှုဆောင်ချုပ် သျှရီစကန်ဒါရာဂျာက ပြောပါတယ်။

Oxfam က ရည်ညွှန်းခဲ့တဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ယောက်ကတော့ အီလွန်မက်စ်၊ ဂျက်ဘီဇို့စ်၊ ဘားနက်ဒ်အာနော့မိသားစု၊ ဘီလ်ဂိတ်၊ လယ်ရီအယ်လစ်ဆန်၊ လယ်ရီပေ့ဂျ်၊ ဆာဂျီဘရင်း၊ မက်ခ်ဇူကာဘတ်၊ စတိဗ်ဘောမားနဲ့ ဝါရင်းဘက်ဖက်တို့ ဖြစ်ပြီး သူတို့ရဲ့ စုစုပေါင်း ချမ်းသာကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၇၀၀ ဘီလျံကနေ အမေရိကန်ဒေါ်လာ ၁.၅ ထရီလျံအထိ မြင့်တက်ခဲ့တာပါ။ အီလွန်မက်စ်ရဲ့ချမ်းသာကြွယ်ဝမှုက ၁၀၀၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဘီလ်ဂိတ်ရဲ့ ကြွယ်ဝမှုက ၃၀ ရာခိုင်နှုန်းစွန်းစွန်း မြင့်တက်ခဲ့ဖြစ်ပါတယ်။

အရင်တုန်းက ကမ္ဘာ့စီးပွားရေးညီလာခံကျင်းပရင် စီးပွားရေးလုပ်ငန်းစု ထောင်ပေါင်းများစွာရဲ့ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ ထင်ပေါ်ကျော်ကြားသူတွေ၊ လှုပ်ရှားသူတွေ၊ စီးပွားရေးပညာရှင်တွေ၊ ဂျာနယ်လစ်တွေ တက်ရောက်ကြလေ့ရှိပါတယ်။ ဒါပေမဲ့ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ကြောင့် စီးပွားရေးညီလာခံကို အွန်လိုင်းကသာ ကျင်းပခဲ့ပြီး အွန်လိုင်းကနေ ကျင်းပတာ ၂ နှစ်ဆက်တိုက် ရှိပါပြီ။

Ref: BBC “Wealth of world’s 10 richest men doubled in pandemic, Oxfam says”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top