၅ နှစ်တည်းအလုပ်လုပ်ပြီး သန်းကြွယ်သူဌေး ဖြစ်သွားတဲ့ အနှိပ်သည်

google.jpg

၁၉၉၉ ခုနှစ်ဟာ ဘွန်နီဘရောင်းရဲ့ဘဝမှာ စိတ်ဓာတ်ကျစရာတွေချည်းပါပဲ။ နှစ် ၂၀ ကြာ ပေါင်းသင်းလာတဲ့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းလိုက်တယ်။ ဆယ်နှစ်ကြာ ဖွင့်လှစ်ခဲ့တဲ့ နေ့ကလေးထိန်းကျောင်းကို ပိတ်ပစ်လိုက်ပြီး သူ့ရဲ့အိမ်ကို ရောင်းလိုက်ရတယ်။ သူ့အတွက်တော့ ဂိုဒေါင်ရှင်းရောင်းချမှုဖြစ်ပြီး ပိုင်ဆိုင်သမျှအားလုံးနီးပါး ရောင်းချပစ်ခဲ့တာပါ။

နောက်တော့ ဒေါ်လာ ၁၀၀ နဲ့ သူ အနှိပ်သင်တန်းတက်ပြီး သင်တန်းဆင်း လက်မှတ်ရတယ်။ အိမ်တိုင်ယာရောက် လိုက်နှိပ်ပေးတယ်ဆိုတဲ့ လက်ကမ်းစာစောင်တွေ ဝေရင်း ဖောက်သည် ရှာတယ်။ တစ်ရက်မှာတော့ ကံအကြောင်း တိုင်ဆိုင်စွာပဲ နည်းပညာကုမ္ပဏီတစ်ခုက အနှိပ်သည် အလုပ်ခေါ်နေတဲ့သတင်းကြားတယ်။ တစ်ပတ်လုပ်ခ ဒေါ်လာ ၄၅၀ ပေးမယ်တဲ့။ ဒီကုမ္ပဏီက ဝန်ထမ်း ၄၀ လောက်ပဲရှိတဲ့ ကုမ္ပဏီငယ်လေးပါ။

” ရှာဖွေရေးအင်ဂျင်” လုပ်ဆောင်မှုတဲ့။ အဲဒီအသုံးအနှုန်းကိုရော အဓိပ္ပာယ်ကိုရော ဘွန်နီဘရောင်း နားမလည်ပါဘူး။ သေချာတာကတော့ ဒီအလုပ်က သူ့အတွက် ရေရှည်အလုပ် ဖြစ်ချင်မှဖြစ်မယ်။ အသေးစား ကုမ္ပဏီလေးဆိုတော့ ကုမ္ပဏီပိတ်သွားရင် သူလည်း အလုပ်ပြုတ်မှာလေ။ နောက်ဆုံးတော့ ဘွန်နီက အလုပ်သွားလျှောက်ဖို့ ဆုံးဖြတ်လိုက်တယ်။

သူက အင်ဂျင်နီယာတွေကို နှိပ်နယ်ပေးရတယ်။ သူဟာ မျက်မှောက်ခေတ်သမိုင်းမှာ ဧရာမ ကြီးထွားလာမယ့်လုပ်ငန်းကြီးတစ်ခုမှာ ဦးဦးဖျားဖျား ပါဝင်ခွင့်ရနေတယ်ဆိုတာကိုတော့ အဲဒီအချိန်တုန်းက ဘွန်နီ မသိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူအလုပ်လုပ်နေတာက ဂူဂဲလ်(Google)ကုမ္ပဏီဖြစ်နေလို့ပါပဲ။ ဘွန်နီဟာ တစ်ပတ်လုပ်ခ ဒေါ်လာ ၄၅၀ အပြင် ကုမ္ပဏီရဲ့ ရှယ်ယာဝေစုတွေလည်း ရတယ်။ ဒါပေမဲ့ သူကတော့ ရှယ်ယာဝေစုတွေကို စက္ကူစုတ်သာသာလို့ပဲ ထင်ထားခဲ့တာပါ။

၂၀၀၄ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာ ဂူဂဲလ်ကုမ္ပဏီရဲ့ ရှယ်ယာတွေကို အများပြည်သူထံ စတင်ရောင်းချခဲ့ပြီး ပထမဆုံးနေ့ရဲ့ ဈေးကွက်ပိတ်ချိန်မှာ ဂူဂဲလ်ရှယ်ယာတစ်စုက ၈၅ ဒေါ်လာအထိ တန်ကြေးရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ ရှယ်ယာပေါင်းများစွာ ပိုင်ဆိုင်တဲ့ ဘွန်နီက နေ့ချင်းညချင်း ချမ်းသာသွားခဲ့တာပါ။ နောက် ၆ လအကြာမှာတော့ ဂူဂဲလ်ရဲ့ ရှယ်ယာတစ်စုက ဒေါ်လာ ၁၀၀ အထိ တန်ကြေးရှိလာခဲ့ပြီး ဘွန်နီရဲ့ ဘဏ္ဍာရေးအကြံပေးက ရှယ်ယာတွေ ထုတ်ရောင်းဖို့ သူ့ကို အကြံပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘွန်နီကတော့ လက်မခံခဲ့ပါဘူး။

၂၀၀၇ ခုနှစ်က နယူးယော့ခ်တိုင်းမ်သတင်းစာနဲ့ အင်တာဗျူးလုပ်ချိန်မှာ ဘွန်နီရဲ့ သူ့ရဲ့ပိုင်ဆိုင်မှုအတိအကျကို ထုတ်ပြောဖို့ ငြင်းဆန်ခဲ့ပေမဲ့ သန်းပေါင်းများစွာ ကြွယ်ဝချမ်းသာနေပြီဖြစ်တယ်လို့တော့ အတည်ပြုခဲ့ပါတယ်။ ဘွန်နီဟာ ဂူဂဲလ်ကုမ္ပဏီမှာ ၅ နှစ်သာ အလုပ်လုပ်ခဲ့ပြီး အနားယူသွားခဲ့ပါတယ်။ သူဟာ နီဗားဒါးပြည်နယ်မှာ စတုရန်းပေ ၃၀၀၀ ကျယ်ဝန်းတဲ့ အိမ်ကြီးတစ်လုံး ဝယ်ယူခဲ့ပြီး ကမ္ဘာအနှံ့ကိုလည်း ခရီးတွေ ထွက်ခဲ့ပါတယ်။ ပရဟိတဖောင်ဒေးရှင်းတစ်ခု တည်ထောင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ “Giigle: How I Got Lucky Massaging Google.”ဆိုတဲ့ သူ့ရဲ့အတ္တုပ္ပတ္တိစာအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့ပါတယ်။

Ref: In 1999, A Recently-Divorced Masseuse Took A Part-Time Gig At A Tiny Startup Called Google. Guess How That Turned Out…

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top