အီရန်နိုင်ငံရဲ့ ရာထူးကြီးပုဂ္ဂိုလ်တွေထဲမှာ မော့ဆက်ဒ်သူလျှိုတွေ ပါဝင်နေသလား

8-2-2022-yyl01.jpg

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ အီရန်နိုင်ငံရဲ့ အထင်ရှားဆုံး နျူကလီးယားသိပ္ပံပညာရှင် ဖာရီဇာဒါ လိုက်ပါတဲ့ယာဉ်တန်း ပစ်ခတ်ခံခဲ့ရတယ်။ မှတ်ဉာဏ်တုနည်းပညာအသုံးပြု အဝေးထိန်းစက်သေနတ်နဲ့ ပစ်ခတ်မှုမှာ ဖာရီဇာဒါ သေဆုံးသွားခဲ့ပါတယ်။ ပစ်မှတ်က လှုပ်ရှားနေချိန်မှာ မဆိုင်တဲ့အရပ်သား သေဆုံးမှုမရှိအောင် အတိအကျ ခွဲခြားတိုက်ခိုက်နိုင်ဖို့ဆိုတာ မြေပြင်မှာ အချိန်ကိုက် သတင်းပေးနေသူရှိဖို့ လိုပါတယ်။

အဲဒီတိုက်ခိုက်မှုမတိုင်ခင် ၂ လအလိုက အခုအခင်းဖြစ်ပွားတဲ့နေရာမှာ ဖာရီဇာဒါကို ပစ်မှတ်ထားလုပ်ကြံဖို့ စီစဉ်နေကြတတယ်ဆိုတာ လုံခြုံရေးတပ်ဖွဲ့တွေကို ကြိုတင်သတိပေးခဲ့ဖူးတယ်လို့ အီရန်ထောက်လှမ်းရေးဝန်ကြီး မာမွတ်အလာဗီက ပြောခဲ့ပါတယ်။ ”လုပ်ကြံဖို့ စီစဉ်နေသူက လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ယောက်ပဲ။ ဒါပေမဲ့ ကျွန်တော်တို့က လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် စုံစမ်းထောက်လှမ်းခွင့်မရှိဘူး”လို့ အလာဗီက ပြောပါတယ်။

ဖာရီဇာဒါကို လုပ်ကြံဖို့ စီစဉ်ခဲ့သူက အီရန်နိုင်ငံရဲ့ အဆင့်မြင့်ဆုံးတပ်ဖွဲ့ဖြစ်တဲ့ အစ္စလာမ်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့ဝင်(IRGC)တစ်ယောက် ဖြစ်တယ်လို့ အလာဗီက ရည်ညွှန်းသွားခဲ့ပါတယ်။ အီရန်ထောက်လှမ်းရေးဝန်ကြီးရဲ့ သတိပေးချက်ကိုတောင် လွန်ဆန်နိုင်ပြီး အချိန်၊ နေရာ အတိအကျမှာ လုပ်ကြံသွားတယ်ဆိုတော့ အဲဒီသူလျှိုက (IRGC)မှာ ရာထူးကြီးကြီး ယူထားသူဖြစ်ပါလိမ့်မယ်။ လုပ်ကြံခံရသူ ဖာရီဇာဒါကလည်း (IRGC) အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်လို့ သိထားကြပါတယ်။

တီဟီရန်မြို့က အီဗင်အကျဉ်းထောင်မှာ ပြည်ပနိုင်ငံတွေအတွက် သူလျှိုလုပ်တယ်လို့ စွပ်စွဲခံရသူတွေကို ထိန်းသိမ်းထားလေ့ရှိတဲ့ အဆောင်တစ်ဆောင် ရှိပါတယ်။ အဲဒီအဆောင်မှာရှိတဲ့ သတင်းရင်းမြစ်တွေကတော့ ရာထူးကြီးတဲ့ IRGC အဖွဲ့ဝင် တော်တော်များများကို အဲဒီမှာ ထိန်းသိမ်းထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။ အီရန်အစိုးရကတော့ IRGC ရဲ့ ဂုဏ်သတင်း ထိခိုက်မှာစိုးလို့ ထိန်းသိမ်းထားသူတွေရဲ့ အမည်တွေနဲ့ ရာထူးတွေကို လူသိရှင်ကြား ထုတ်ပြောခြင်းမရှိပါဘူး။

ပြည်ပအေဂျင်စီတွေက အီရန်သံအမတ်တွေနဲ့ IRGC အရာရှိ တော်တော်များများနဲ့ပတ်သက်တဲ့ အချက်အလက်တွေ စုဆောင်းနေတယ်လို့ IRGC ကွက်တပ်ဖွဲ့ (Quds Force)ရဲ့ အရာရှိဟောင်းတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။ စုဆောင်းနေတဲ့ အချက်အလက်၊ အထောက်အထားတွေထဲမှာ အမျိုးသမီးတွေနဲ့ပတ်သက်မှု ပါဝင်နေပြီး ပြည်ပသူလျှိုတွေနဲ့ ပူးပေါင်းဆောင်ရွက်အောင် ဖိအားပေး၊ အကြပ်ကိုင်ဖို့ အဲဒီအထောက်အထားတွေကို အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလနှောင်းပိုင်း ညဉ့်သန်းခေါင်ယံအချိန် တီဟီရန်မြို့ကနေ မိုင် ၂၀ ဝေးတဲ့ စက်မှုဇုန်ခရိုင် ဂိုဒေါင်တစ်လုံးထဲကို အမျိုးသားတစ်ဒါဇင်လောက် ဖောက်ထွင်းဝင်ရောက်ခဲ့ကြပါတယ်။ ဂိုဒေါင်ထဲမှာ မီးခံသေတ္တာ ၃၂ လုံးရှိပေမဲ့ ဘယ်မီးခံသေတ္တာထဲမှာ အဖိုးတန်ဆုံးပစ္စည်းတွေ ရှိနေလဲဆိုတာ သူတို့တပ်အပ်သိနေကြပါတယ်။ အချိန် ၇ နာရီမပြည့်ခင်မှာပဲ သူတို့က မီးခံသေတ္တာ ၂၇ လုံးရဲ့ သော့တွေကို ဖွင့်နိုင်ခဲ့ပြီး တန်ဝက် အလေးချိန်ရှိတဲ့ နျူကလီးယားမှတ်တမ်းမှတ်ရာတွေကို ယူဆောင်သွားခဲ့ကြပါတယ်။ အဲဒီဖောက်ထွင်းမှုမှာ လက်ရာခြေကျန်တောင် မကျန်ခဲ့ပါဘူး။ ဒါဟာ အီရန်နိုင်ငံသမိုင်းမှာ အရဲတင်းဆုံးဖောက်ထွင်းမှုတစ်ခု ဖြစ်ပေမဲ့ အရာရှိတွေက ဒီအကြောင်းကို နှုတ်ဆိတ်နေခဲ့ကြပါတယ်။

နောက် ၃ လအကြာမှာတော့ ဖောက်ထွင်းခိုးယူခံရတဲ့ မှတ်တမ်းမှတ်ရာတွေဟာ တီဟီရန်မြို့ကနေ မိုင် ၁၂၀၀ ကွာဝေးတဲ့ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့မှာ ပြန်ပေါ်လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အစ္စရေးဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေတဲ့ နေတန်ယာဟုက မှတ်တမ်းမှတ်ရာတွေကို ဗီရိုထဲမှာ ပြသခဲ့ပြီး မော့ဆက်ဒ်အဖွဲ့ရဲ့ လှုပ်ရှားမှုရလဒ်လို့ ဆိုခဲ့ပါတယ်။ အီရန်အရာရှိတွေကတော့ မှတ်တမ်းမှတ်ရာ အတုတွေလို့ ဆိုခဲ့ကြပြီး ဖောက်ထွင်းမှုမဖြစ်ခဲ့ပါဘူးလို့ ငြင်းခဲ့ကြပါသေးတယ်။

၂၀၂၁ ခုနှစ် သြဂုတ်လက သမ္မတသက်တမ်း နောက်ဆုံးရက်မှာတော့ အီရန်နိုင်ငံရဲ့ နျူကလီးယားမှတ်တမ်းမှတ်ရာတွေကို အစ္စရေးနိုင်ငံက ခိုးယူခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို သက်သေအထောက်အထားအဖြစ် ပြသခဲ့ကြတယ်လို့ အီရန်သမ္မတ ရူဟာနီက အတည်ပြုခဲ့ပါတယ်။ အီရန်နိုင်ငံရဲ့ လျှို့ဝှက်နျူကလီးယားလက်နက်စီမံကိန်းမှာ ဖာရီဇာဒါရဲ့အခန်းကဏ္ဍ ဘယ်လောက်အထိ အရေးပါသလဲဆိုတာကို မှတ်တမ်းမှတ်ရာတွေ ဖော်ပြတဲ့ အထူးစာနယ်ဇင်းရှင်းလင်းပွဲမှာ နေတန်ယာဟုက အသားပေးပြောကြားခဲ့ပြီး ” ဒေါက်တာ ဖာရီဇာဒါဆိုတဲ့ အမည်ကို မှတ်ထားကြ” လို့ ဆိုခဲ့ပါတယ်။ နောက် ၂ နှစ်အကြာမှာ ဖာရီဇာဒါ လုပ်ကြံခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း အီရန်နိုင်ငံရဲ့ ထင်ပေါ်ကျော်ကြားတဲ့ နျူကလီးယားသိပ္ပံပညာရှင်တော်တော်များများ အသတ်ခံခဲ့ရပါတယ်။ အီရန်နိုင်ငံရဲ့ နျူကလီးယားနဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေထဲမှာ အဖျက်အမှောင့်လုပ်ရပ် တော်တော်များများ ကြုံခဲ့ရပေမဲ့ အီရန်လုံခြုံရေးတပ်ဖွဲ့တွေကတော့ အခုချိန်ထိ အကွက်ချစီစဉ်သူ၊ ကျူးလွန်သူတွေကို တားဆီးနိုင်ခြင်း (သို့) ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

၂၀၁၃ ခုနှစ်က အမာဒီနီဂျက်ရဲ့ သမ္မတသက်တမ်း နောက်ဆုံးနှစ်မှာ အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်ဒ်အတွက် သူလျှိုလုပ်နေတယ်ဆိုပြီး IRGC တပ်မှူးတွေ၊ ထောက်လှမ်းရေးအရာရှိတွေနဲ့ ဘာသာရေးဆရာတွေ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါပေမဲ့ အီရန်အရာရှိတွေက အဲဒီကိစ္စကို တရားဝင် အတည်ပြုခဲ့ခြင်းတော့ မရှိပါဘူး။ စွပ်စွဲခံရသူတွေထဲမှာ အီရန်ထောက်လှမ်းရေးဌာနထဲက အစ္စရေးသူလျှို တန်ပြန်ထောက်လှမ်းရေးအရာရှိချုပ်ကိုယ်တိုင် ပါဝင်ခဲ့ပြီး အီရန်တော်လှန်ရေးတရားရုံးက သူ့ကို တိတ်တဆိတ် စီရင်ချက်ချမှတ်ကာ ကွပ်မျက်ခဲ့ပါတယ်။

မော့ဆက်ဒ်က သူ့ရဲ့ထောက်လှမ်းရေးဝန်ကြီးဌာနထဲ စိမ့်ဝင်ပျံ့နှံ့ခဲ့တယ်ဆိုတာကို ပြီးခဲ့တဲ့နှစ်ကျမှ အမာဒီနီဂျက်က အတည်ပြုခဲ့တာပါ။ ” အစ္စရေးသူလျှိုတွေကို ထိန်းချုပ်ဖို့၊ အီရန်နိုင်ငံမှာ လှုပ်ရှားမယ့် အစ္စရေးရဲ့အကွက်ချစီစဉ်မှုတွေကို တွန်းလှန်ချေမှုန်းဖို့ တာဝန်ယူထားတဲ့ ရာထူးအကြီးဆုံးအရာရှိကိုယ်တိုင်က အစ္စရေးသူလျှိုဖြစ်နေတာ သွေးရိုးသားရိုး ဟုတ်ပါတော့မလား” လို့ အမာဒီနီဂျက်က ပြောခဲ့ပါတယ်။

အစ္စရေးနိုင်ငံကတော့ မော့ဆက်ဒ်ရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးလေ့မရှိပါဘူး။ အဲဒီလို ထုတ်မပြောရတဲ့အကြောင်းရင်းကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဗိုလ်ချုပ်ကြီး (ငြိမ်း)၊ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိဟောင်း အေမို့ဂီလက်ဒ်က အခုလို ပြောပါတယ်။ ” ကျွန်တော်ကတော့ လူသိရှင်ကြား ထုတ်ပြောတာမျိုး မကြိုက်ဘူး။ ပစ်စရာရှိလို့ ပစ်လိုက်၊ စကားမပြောနဲ့။ မော့ဆက်ဒ်ရဲ့ဂုဏ်သတင်းဆိုတာ ဆန်းကျယ်တဲ့ စစ်ဆင်ရေးတွေကို လူသိမခံဘဲ လျှို့ဝှက်လုပ်ဆောင်ဖို့ပါပဲ”လို့ ဆိုပါတယ်။

ဒီနေ့အချိန်မှာတော့ မော့ဆက်ဒ်သူလျှိုတွေက အီရန်နိုင်ငံ လုံခြုံရေးနဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းတွေထဲမှာ ရာထူးကြီးပုဂ္ဂိုလ်တွေ ဖြစ်နေမှာကို အီရန်အရာရှိဟောင်းတွေက စိုးရိမ်နေကြပါပြီ။ ” အီရန်နိုင်ငံရဲ့ နယ်ပယ်တော်တော်များများမှာ မော့ဆက်ဒ်ရဲ့လွှမ်းမိုးမှုက တော်တော်ကျယ်ပြန့်နေပါပြီ။ အီရန်ခေါင်းဆောင်ပိုင်းအားလုံး သူတို့ရဲ့အသက်နဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်သင့်ပါတယ်” လို့ အီရန်ထောက်လှမ်ရေးဝန်ကြီးဟောင်းနဲ့ သမ္မတရူဟာနီရဲ့ အကြံပေးပုဂ္ဂိုလ်ဟောင်း အလီယူနက်ဆီက အင်တာဗျူးတစ်ခုမှာ သတိပေးခဲ့ဖူးပါတယ်။

Ref: BBC “Israel’s Mossad suspected of high-level Iran penetration”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top